စစ်ကောင်စီ အကြမ်းဖက်နှိမ်နှင်းလို့ အနည်းဆုံး ၁၁ ဦးသေဆုံး၊ မော်ဒယ် ပိုင်တံခွန် ဖမ်းဆီးခံရ

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021-04-08
Share

စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှာ ဧပြီလ ၇ ရက် မနေ့ညနေ ၃ နာရီလောက်က မြို့ထဲကို ဝင်ဖို့လာတဲ့ အာဏာ သိမ်း စစ်ကောင်စီ တပ်မ ၃၃ ရဲ့ စစ်ကားတွေကို ဒေသခံပြည်သူတွေက အဝင်မခံဘဲ တူမီးသေနတ်တွေနဲ့ ပြန်လည် ခုခံခဲ့ရာက တစ်ညလုံးတိုက်ပွဲဖြစ်ပြီး ဒေသခံပြည်သူ အနည်းဆုံး ၁၁ ဦး သေဆုံးသွားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံတွေ အပြန်အလှန်တစ်ညလုံးတိုက်ပွဲဖြစ်ပြီးနောက် ဒေသခံတွေဘက်က အနည်းဆုံး ၁၁ ဦး သေဆုံးပြီး အယောက် ၂၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဆန္ဒပြတိုက်ပွဲမှာပါ၀င်သူ တစ်ဦးက RFA ကိုပြောပါတယ်။

ဧပြီ ၈ ရက် ဒီနေ့မှာလည်း ပရဟိတဆေးခန်းရှိတဲ့ သင်စောက်ဘုန်းကြီးကျောင်းကို အင်အား ၅၀ လောက်နဲ့ လာရောက်ရှာဖွေနေပေမယ့် ကြိုရှောင်သွားကြတာကြောင့် ထပ်မံအဖမ်းမခံခဲ့ရဘူးလို့ ပြောပါတယ်။

ဒီနေ့မှာတော့ မြို့ထဲအထိ တပ်လာစွဲထားကြသလို ဆန္ဒထွက်ပြသူတွေကို ပစ်ခတ်မယ်လို့ အသံချဲ့စက်တွေနဲ့ လိုက်အော်တာတွေရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန်မှာ တန့်ဆည်မြို့မှာရှိတဲ့ အင်တာနက်လိုင်းတွေအားလုံး ဖြတ်တောက်ခံထားရတာကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူတွေရဲ့ အခြေအနေကိုသိရဖို့ ခက်ခဲနေပြီး RFA က ထပ်မံကြိုးစားနေပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့က အေးမြသာယာ သပိတ်စစ်ကြောင်းက လူငယ် ၇ ယောက်ကို ဧပြီလ ၈ ရက် ဒီနေ့မနက်အစောပိုင်း သပိတ်စမထွက်ခင် စုရပ်မှာပဲ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးသွားပါတယ်။ အဲအထဲမှာ အသက်မပြည့်သေးတဲ့ လူငယ် နှစ်ယောက်လည်း ပါ၀င်တယ်လို့ သိရပါတယ်။ စုရပ်ကြိုရောက် နေတဲ့ အဲဒီလူငယ်တွေ ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲစားနေချိန် သတင်းပေးဒလံကြောင့် စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး ဖမ်းသွားတာလို့ သပိတ်စစ်ကြောင်းခေါင်းဆောင် တစ်ယောက်က RFA ကိုပြောပါတယ်။

ဖားကန့်မြို့မှာ အကြမ်းဖက်ပစ်ခတ်ခံရတာကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ နှစ်ယောက်နဲ့ အဖမ်းခံ ထားရသူ ၂၀ နီးပါးရှိနေဖြစ်ပါတယ်။ ဖားကန့်မြို့မှာအားကောင်းတဲ့ လုံးခင်း၊ မော်ဝမ်း၊ အေးမြသာယာ၊ မရှီကထောင်၊ ဆိပ်မူ၊ မမုံ စတဲ့ သပိတ်စစ်ကြောင်းတွေဟာ စစ်အာဏာရှင်အလိုမရှိကြောင်း နေ့စဉ် ဆန္ဒပြလျက်ရှိပါတယ်။

မြစ်ကြီးနားမြို့ နေရာအနှံ့အပြားမှာတော့ စစ်တပ်နဲ့ ရဲတွေက ဧည့်စာရင်းတွေ လိုက်စစ်နေပါတယ်။ မနေ့ ညက စီတာပူရပ်ကွက်မှာ ကား ၇ စီးလောက်နဲ့ တစ်အိမ်တက်ဆင်း လိုက်စစ်တာတွေလုပ်ခဲ့ပြီး ဒီနေ့လည်း တစ်မြို့လုံးမှာ စစ်သားနဲ့ရဲတွေ ကင်းချထားပါတယ်။ ဒါပေမဲ့လည်း မြစ်ကြီးနားမြို့ရဲ့ ပင်မသပိတ်စစ်ကြောင်း ကတော့ ပျောက်ကျားသပိတ်အနေနဲ့ အောင်မြင်စွာ ဆက်လက်ဆန္ဒပြနေဆဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ မြို့နယ်ပညာရေးမှူးရုံး ဧပြီလ ၈ ရက် ဒီနေ့ နံနက် တစ်နာရီလောက် ကစပြီး မီးလောင်ကျွမ်းခဲ့တာကြောင့် တစ်ရုံးလုံး မီးလောင်တဲ့အထဲ ပါသွားပါတယ်။ ညမထွက်ရအမိန့် ထုတ် ပြန်ထားတဲ့အချိန်မှာ မီးလောင်တာဖြစ်ပြီး မီးမလောင်ခင်တစ်ရက်က ရုံးတက်နေသူ ၀န်ထမ်းတစ်ယောက်ဟာ အရေးကြီးစာရွက်စာတမ်းလို့ ယူဆရတာတွေကို အခေါက်ခေါက် သယ်ထုတ်နေတာတွေ့ရတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။ အဲဒီမြို့နယ်ပညာရေးမှူးရုံးနားတဝိုက်မှာလည်း စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက တပ်စွဲထားတယ်လို့ ဒေသခံက ဆိုပါတယ်။ ကောလင်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်ရှိနေပမယ့် ဆန္ဒပြဖို့ လူစုတာနဲ့ လာရောက်ပစ်ခတ်တာတွေရှိတာကြောင့် လမ်းသွယ်တွေ ထဲမှာပဲ ပျောက်ကျားပုံစံနဲ့ ဆန္ဒပြနေကြတာပါ။

မြန်မာနိုင်ငံတင်မက အခြားနိုင်ငံအချို့ရဲ့ ပရိတ်သတ်ပါ ရရှိထားတဲ့ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကို ဒီနေ့ နံနက်အစောပိုင်း ၅ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားပါတယ်။

ပိုင်တံခွန်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို အမှုဖွင့်ထားကြောင်း မနေ့ညက စစ်တပ်ပိုင်မြဝတီ သတင်းဌာနကနေ ကြေညာပြီးနောက် ဒီနေ့ နံနက် အစောပိုင်းမှာ ဖမ်းခံရတာဖြစ်ပါတယ်။

"ဒီနေ့ မနက် ၅ နာရီမှာ ရဲနဲ့စစ်သား ကား ရှစ်စီးနဲ့၊ ပိုင်တံခွန်ကို လာဖမ်းသွားကြပါပြီ၊ မြောက်ဒဂုံအိမ်မှာ လာဖမ်းသွားတာပါ၊ Speak Out များများလေး လုပ်ပေးကြပါ၊ ကျန်းမားရေး အရမ်းဆိုးနေလို့ ဝိုင်းဝန်း ဆုတောင်းပေးကြပါဦးဗျာ" လို့ အမဖြစ်သူ မေချစ်သွေးက Facebook မှာရေးထားပါတယ်။

မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ချိန်ကစပြီး စစ်အာဏာ ရှင်ဆန့်ကျင်ရေး လမ်းမပေါ်ထွက် ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်ပြီး အခုတိမ်းရှောင်နေရာ ကနေ နေထိုင်မကောင်းလို့ အိမ်ကိုခေတ္တပြန်ရောက်နေတဲ့အချိန်မှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ တရားစွဲခံရသူ အယောက် ၁၂၀ ကျော် ရှိပြီး၊ ဖမ်းဆီးခံရသူက ၁ဝ ဦးခန့်ရှိပါပြီ။ ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် သုံးနှစ်အထိ ကျခံရနိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့မှာ ဧပြီ ၆ ရက်နေ့ အကြမ်းဖက်ဖြိုခွင်းခံရပြီးကတည်းက အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဒီနေ့အထိ တစ်မြို့လုံးကို တပ်စွဲထားပြီး သတင်းမီဒီယာတွေထံ ပုံတွေ သတင်းတွေ ဗွီဒီယိုတွေ ပို့လား မပို့လားဆိုပြီး လိုက်စစ်နေပါတယ်။ သတင်းဌာနတွေကို သတင်းပေး ပို့တာ ရှိ/မရှိဆိုပြီး လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ဖုန်းတွေရော လူတွေရော စစ်ဆေးနေတယ်လို့ လုံခြုံရေး အရ အမည်မဖော်ချင်တဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာလည်း အလားတူပဲ စစ်တပ်နဲ့ရဲတွေက လမ်းသွားလမ်းလာတွေရဲ့ ကားတွေ၊ ဖုန်းတွေကို ဖွင့်ခိုင်းပြီး စစ်ဆေးတာ၊ ဖမ်းဆီးတာနဲ့ ဖုန်းတွေကို သိမ်းယူသွားတာတွေ နေရာအနှံ့ဖြစ်နေတာပါ။

တစ်နိုင်ငံလုံးက မြို့နယ်တွေ တော်တော်များများမှာတော့ ဧပြီလ ၈ ရက် ဒီနေ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြပွဲတွေနဲ့ ခြေလှမ်းတိုင်းမှာ ပန်းတွေပွင့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖိနပ်သပိတ် Marching Shoes Strike အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

မန္တလေးမြို့မှာတော့ ဗကသကျောင်းသားတွေအပါအဝင် ကျောင်းအသီးအသီး တက္ကသိုလ်အသီးသီးနဲ့ ပြည်သူတွေစုပေါင်းပြီး ချီတက်ဆန္ဒပြကြတဲ့ သပိတ်စစ်ကြောင်းတွေကတော့ အရှိန်ကောင်းစွာနဲ့ ဆက်လက် ဆန္ဒပြနေခဲ့ကြသလို အဝါရောင်လူမဲ့သပိတ်လိုမျိုး သပိတ်နည်းလမ်းမျိုးစုံလည်းပါ၀င်ပါတယ်။

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်တန်း၊ တောင်ဥက္ကလာပ၊ ဒလ၊ သာကတေနဲ့ စမ်းချောင်းမြို့နယ် အပါ အဝင် လှိုင်မြို့နယ်၊ မွန်ပြည်နယ် ရေးမြို့၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ မိုးကုတ်၊ မြင်းခြံ၊ သဲတော ဝမ်းတွင်း၊ အမရပူရ စတဲ့မြို့တွေအပါအဝင် တစ်နိုင်ငံလုံးက မြို့တော်တော်များများမှာ ရတဲ့နည်းလမ်း ပေါင်းစုံနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြလျက်ရှိပါတယ်။

Anonymous says:
2021-04-08 06:33

Cheers protesters
Don't give up
Don't forgive
Don't forget
The revolution must prevails

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့