ALP ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်း ရုံးထုတ်


2016.09.26
khaingmyotun-alp-620.jpg ALP ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်း ကို စက်တင်ဘာလ ၂၆ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်
.

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီ ဝင် ခိုင်မျိုးထွန်းကို စစ်တွေတရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပြီး တရားလိုကို စစ်ဆေးခဲ့ပါတယ်။

ခိုင်မျိုးထွန်းဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ထားတဲ့ အဖွဲ့ထဲက ကော်မတီဝင်ဖြစ်တဲ့အတွက် စစ်ဆေးမေးမြန်းတာတွေ အချိန်ကြာနေတယ်လို့ ခိုင်မျိုးထွန်းရှေ့နေ ဦးကျော်သိန်းက ပြောပါတယ်။

"ရုံးချိန်းက ၅ ချိန်းလောက်ရှိသွားပြီ မပြီးနိုင်သေးဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုက တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ၈ ဖွဲ့ထဲက ၁ ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီက ခိုင်မျိုးထွန်းကို စွဲဆိုတာဖြစ်တော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေရော အကုန်လုံးမေးနေရတဲ့အခါမှာ တော်တော်လေးကို အချိန်ယူရပါတယ်ခင်ဗျ၊ အမှန်တရားပေါ်ပေါက်ဖို့ အတွက် မေးမြန်းစရာရှိတာတွေကို အချိန်ယူပြီး မေးမြန်းစစ်ဆေးနေတဲ့အဆင့်ပါ"

တရားရုံးချိန်းတွေကို အရင်က စစ်တွေတရားရုံးမှာ တစ်ပတ်တစ်ခါ စစ်ဆေးတာဖြစ်ပြီး ပြီးခဲ့တဲ့ ရုံးချိန်းကစပြီး ၂ ပတ်တစ်ခါ ချိန်းဆိုလိုက်တယ် လို့လည်း ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ ခိုင်မျိုးထွန်းကို တရားစွဲဆိုတဲ့ တရားလို ဒုတိယဗိုလ်မှူးကြီး တင့်နိုင်ထွန်း ကို စစ်ဆေးမေးမြန်းတာဖြစ် ပါတယ်။ တရားရုံးချိန်းကို ဒေသခံ ရာဂဏန်းလောက် လာရောက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ALP ပါတီက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ALP ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။