မြန်မာတွေ အားမငယ်ကြဖို့ သံအမတ်ကြီး ပြော


2013.11.10

အခုအခါ မြန်မာနိုင်ငံရဲ့ ရှေ့ေရေးဟာ တိုးတက်ကောင်းမွန် ကြွယ်ဝလာနိုင်တဲ့ အခြေအနေကို ရောက်ရှိလာပြီမို့  ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ အားမငယ်ဘဲ အနာဂတ်မြန်မာနိုင်ငံအတွက် အသင့်ဖြစ်အောင်ကြိုးစားကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

မြန်မာသံအမတ်ကြီး ဦးတင်ဝင်းနဲ့အဖွဲ့ဟာ မနေ့ညနေက စမုတ်ဆာခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ  မြန်မာအလုပ်သမားတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ ပညာရွှေစင်ကျောင်းကို သွားရောက်ပြီး ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေ၊ မြန်မာရွှေ့ပြောင်း အလုပ်သမား အကူအညီပေးရေး အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့စဉ်အတွင်း ပြောကြားခဲ့တာပါ။

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ သန်းနဲ့ချီတဲ့  မြန်မာနိုင်ငံသားတွေ တရားဝင်အလုပ်လုပ်သူတွေဖြစ်ရေး၊ လုပ်အားခအပါအဝင် ပညာရေး၊ လူမှုရေးစတဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိရေးအတွက်၊ သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ မြန်မာသံရုံးက အလုပ်သမားရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း၊ အခုအခါ နိုင်ငံဟာ ထာဝရ ငြိမ်းချမ်းရေး ရရှိနိုင်တော့မယ့် အနေအထားကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထိုင်းပညာရှင်တွေ သုံးသပ်ချက်အရလည်း  မြန်မာနိုင်ငံဟာ လာမယ့် ၅ နှစ်ကနေ ၁ဝ နှစ်အတွင်း စီးပွားရေး တိုးတက်လာမှာဖြစ်တဲ့အတွက် အားမငယ်ကြဖို့၊ တစ်နေ့ တိုင်းပြည်ပြန်တဲ့အခါမှာ အတွေ့အကြုံတွေ၊ အရင်းအနှီးတွေနဲ့တကွ ပြန်နိုင်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ သံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။

ဒါ့အပြင် သံအမတ်ကြီးနဲ့ စစ်သံမှူးတို့က နာယကအဖြစ် ဆောင်ရွက်နေပြီး မြန်မာသံရုံးက ကြီးမှူးဖွဲ့စည်းထားတဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ကော်မတီကိုယ်စား MAT အလုပ်သမားရေးအဖွဲ့နဲ့ ပညာရွှေစင်ကျောင်းတို့ကို  ဘတ်ငွေ ၂၀၀၀၀ စီ လှူဒါန်းခဲ့ပါတယ်။ တွေ့ဆုံပွဲကို မြန်မာသံရုံးက တာဝန်ရှိသူများအပါအဝင် မဟာချိုင်ဒေသက အလုပ်သမားပေါင်း ၃၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။