အင်းစိန်ထောင်တွင်း ဆန္ဒပြမှု ငြိမ်းချမ်းစွာဖြေရှင်းဖို့ သံတမန်တွေ တိုက်တွန်း

2021.07.23
အင်းစိန်ထောင်တွင်း ဆန္ဒပြမှု ငြိမ်းချမ်းစွာဖြေရှင်းဖို့ သံတမန်တွေ တိုက်တွန်း ရန်ကုန်မြို့က အင်းစိန်ထောင်ကို တွေ့ရစဥ်
Photo: RFA

ထောင်တွင်း COVID-19 ကူးစက်ပြန့်ပွားမှုကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်တာကြောင့် ဒီကနေ့ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း အင်းစိန်အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကန့်ကွက်ဆန္ဒပြ မှုကို ငြိမ်းငြိမ်းချမ်းချမ်းကိုင်တွယ်ဖြေရှင်းဖို့ စစ်ကောင်စီနဲ့ ထောင်အာဏာပိုင်တွေကို ဥရာပသမဂ္ဂအပါအဝင် ရန်ကုန်ရှိ သံရုံး ၁၆ ခုက ကြေညာချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။

အဲဒီကြေညာချက်ကို ဩစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနဲ့ အမေရိကန်နိုင်ငံတွေက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်တွေ၊ သံရုံးယာယီတာဝန်ခံတွေနဲ့ သံရုံးအကြီးအကဲတွေ က ပူးပေါင်းလက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အင်းစိန်ထောင် အပါအဝင် မြန်မာတစ်နိုင်ငံလုံးက အခြားထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး အတွက် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ နည်းလမ်းတကျရရှိဖို့ အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အာဏာပိုင်တွေကို တိုက်တွန်းထားပြီး၊ ဒီကိစ္စတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။