အမေရိကန်ရဲ့ မြန်မာနိုင်ငံ အပေါ်ထားတဲ့ ကုန်သွယ်မှုမူဝါဒကို စဉ်းစားဖို့ အိုဘားမားကို စာပို့


2013.09.20

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးတွေပြန်ပေးဖို့ စဉ်းစားသုံးသပ်နေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း ရေးသားထားတဲ့စာတစ်စောင်ကို အဖွဲ့အစည်း ၂၆ ဖွဲ့က သမ္မတ အိုဘားမားဆီကို မနေ့က ပေးပို့ခဲ့ကြပါတယ်။

အဲဒီစာမှာ GPS လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် သွင်းကုန်ခွန်လျှော့ချပယ်ဖျက်ပေးတာအပါအဝင် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေဦးစားပေးစနစ်ကို အမေရိကန်အစိုးရက မြန်မာအပေါ် ပြန်လည်မကျင့်သုံးခင် မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားယူခိုင်းစေမှု၊ မြေယာအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်အရေးစတဲ့ နယ်ပယ်တွေမှာ တိုးတက်မှုတွေရှိမရှိ သေချာခိုင်မာတဲ့ အထောက်အထားတွေ ရရှိဖို့လိုအပ်ကြောင်း၊ ဒါ့ပြင် သဘာဝသယံဇာတ ထုတ်ယူတဲ့လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေက ထွက်ရှိတဲ့ထုတ်ကုန်တွေကို GPS စာရင်းထဲမထည့်သွင်းဖို့၊ အဲဒီကဏ္ဍတွေအတွက် GPS စည်းမျဉ်းတွေကို ပိုပြီးတင်းကြပ်ဖို့ တိုက်တွန်းထားပါတယ်။

အဲဒီစာကို မြန်မာ့အရေး စင်ပြိုင်အာဆီယံကွန်ရက်၊ US Campaign for Burma စတဲ့အဖွဲ့အစည်း ၂၆ ဖွဲ့ ပူးပေါင်းပေးပို့ခဲ့ကြတာဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေဦးစားပေးတဲ့ GPS စနစ်ကို ၁၉၇၁ ခုနှစ်က စတင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံကို GPS အခွင့်အရေးတွေ ပေးအပ်ခဲ့ပေမယ့် အဓမ္မလုပ်အားယူခိုင်းစေမှုတွေကြောင့် ၁၉၈၉ ခုနှစ်မှာ ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ တက်လာခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်လာတဲ့ အစိုးရသစ်ရဲ့ တောင်းဆိုမှုကြောင့် ဒီနှစ်ပိုင်း ပြီးခဲ့တဲ့ဧပြီလက အမေရိကန်အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အထူးသံတမန် Demetrios Marantis ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး GPS ကိစ္စ ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။