အမျိုးသာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ညီလာခံ ဇွန်လအတွင်း ကျင်းပမည်


2014.05.24

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ပထမဆုံး နှစ်ပတ်လည် ညီလာခံကို ဇွန်လ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် ပြုလုပ်မှာဖြစ်ပြီး၊ အဲဒီ ညီလာခံ ကျင်းပရေးအတွက် ဦးဆောင်ကော်မတီကို မေလ ၂၃ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်၊

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ တည်ထောင်ခဲ့တဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ ဒီညီလာခံကို ကျင်းပတာဖြစ်ပြီး၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆက်လက်ညှိနှိုင်းဖို့ဖြစ်တယ်လို့ ညီလာခံကျင်းပရေး ကော်မတီကို ဦးဆောင်သူလည်းဖြစ်၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့  ဆရာတော် တိလောကာ ဘိဝံသက RFA ကိုမိန့်ကြားပါတယ်၊

"လက်ရှိ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဟာ ကျန်တဲ့တချို့အမြင်မရှင်းတဲ့ ပုဂ္ဂိုလ်တွေလည်း အမြင်ရှင်းသွားအောင် ဒီမဘသအဖွဲ့ရဲ့ လုပ်ငန်းဟာလည်း တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ လူမျိုးရေး ပဋိပက္ခတွေ ဘာသာရေး ပဋိပက္ခတွေ တစ်ဦးနဲ့တစ်ဦး သဘောမတိုက်ဆိုင်တာတွေရှိတာတွေကို အားလုံးပြေပျောက်စေချင်လို့ပါ၊ ဆရာတော်တို့ရဲ့ ရည်ရွယ်ချက်ကိုက ငြိမ်းချမ်းရေးကို ရည်ရွယ်တာပါ၊ အရှည်သဖြင့် တိုင်းပြည်မှာရှိတဲ့ လူမျိုးတိုင်း ဘာသာတိုင်းဟာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်အောင်ဆိုပြီး ရည်ရွယ်ပြီးတော့ ကျင်းပတာပါ"

ညီလာခံကျင်းပရေး ဦးဆောင်ကော်မတီကို သံဃာတော် ခုနစ်ပါးနဲ့ ဖွ့ဲစည်းထားပြီး တိုင်းနယ်ပြည်နယ်က တစ်မြို့နယ်ကို ဆရာတော် ၂ ပါးစီ တက်ရောက်နိုင်ဖို့အတွက် ပင့်ဖိတ်မှာဖြစ်တယ်လို့လည်း မိန့်ပါတယ်၊
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က နိုင်ငံမှာ ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေးဖို့  နိုင်ငံတော်သမ္မတထံ ပြီးခဲ့တဲ့ဖေဖော်ဝါရီက တင်ပြခဲ့ပါတယ်၊

အဲဒီနောက်နိုင်ငံမှာ ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကိုရေးဆွဲဖို့ ကော်မရှင်တစ်ရပ်ကိုလည်း သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့မေလ ၇ ရက်နေ့က ဖွဲ့စည်းပေးခဲ့ပါတယ်၊ အဲဒီအမျိုးစောင့် ဥပဒေကြမ်းတစ်ရပ်ကို မကြာခင်ထုတ်ပြန်မယ်လို့ ကော်မရှင်က ပြောထားပြီး ဒီဥပဒေပြဌာန်းမယ့်ကိစ္စကို လူမှုရေးလှုပ်ရှားနေတဲ့ အဖွဲ့ ၁၈၀ ကျော်ကလည်း ကန့်ကွက်နေကြပါတယ်။

ညီလာခံကျင်းပရေး ကော်မတီ ဦးဆောင်ဆရာတော်ဖြစ်တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဆရာတော် တိလောကာ ဘိဝံသကို RFA  အဖွဲ့သူ မသင်းသီရိ လျှောက်ထားတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။