မြန်မာလူငယ်နှစ်ဦး အမှုအတွက် အယူခံဝင်ဖို့ ဆုံးဖြတ်


2015.12.30
koh-tao-620.jpg ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုနဲ့ တရားစွဲခံရတဲ့ မြန်မာနှစ်ဦးကို တွေ့ရစဉ်
www.thairath.co.th

ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့အမှုအတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ အယူခံရုံးမှာ အယူခံဝင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းမောင်နဲ့ ဥပဒေပညာရှင်တွေ၊ အလုပ်သမား အရေးဆောင်ရွက်သူတွေ ဒီနေ့ ဆွေးနွေးဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"အယူခံက ဘန်ကောက် အယူခံရုံးမှာ အယူခံဝင်မယ်၊ ကျနော်တို့ စစ်ဆေးပြီးခဲ့တဲ့ အမှုတွဲမှာ သက်သေဟာ မမှန်မကန် ဆန့်ကျင်ဘက် ထွက်ထားတဲ့ အချက်မျိုးရှိနေရင် ကျနော်တို့ကရှာဖွေမယ်၊ စစ်ပြီးသွားတဲ့အမှုတွဲမှာ သက်သေခံပစ္စည်းတွေဟာ အမှုတွဲနဲ့ ပတ်သက်လို့ ဆန့်ကျင်ဘက်ဖြစ်နေပြီ သက်သေခံအဖြစ် တင်ထား တယ်ဆိုရင် ကျနော်တို့က ဒီအမှုကို အချက်အလက်တွေနဲ့ တင်ပြမယ်၊ အခုရုံးတော်မှာ သက်သေမတင် လိုက်ရသေးပေမယ့် ဒီအမှုမှာ မြင်တွေ့သိရှိတဲ့ သက်သေတွေ ထပ်ရှိခဲ့မယ်ဆိုရင် ဒီအမှုကို နောက်ဆုံး အစကနေ ပြန်စစ်ဖို့အထိ တရားရုံးကို တောင်းဆိုနိုင်ခွင့်ရှိတယ်ဆိုတာ အခွင့်အရေးရှိထားပါတယ်"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ရက်နေ့က Koh Samuei ခရိုင်တရားရုံးက မြန်မာနိုင်ငံသား ကိုဇော်လင်းကို လူသတ်မှုအတွက် ထောင်ဒဏ် တစ်သက်တကျွန်း၊ မုဒိမ်းမှုအတွက် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သလို ကိုဝင်းဇော်ထွန်းကို လူသတ်မှု အတွက် ထောင်ဒဏ်တစ်သက်တကျွန်း၊ မုဒိမ်းမှုအတွက် ထောင်ဒဏ်အနှစ် ၂၀ ၊ ခိုးမှုအတွက် ထောင်ဒဏ် ၃ လ၊ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုအတွက် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာဖြစ်ပြီး အဲဒီပြစ်ဒဏ်အားလုံးအတွက် နှစ်ဦးစလုံးကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ကျခံဖို့ အမိန့်ချလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဥပဒေအရ ရက်ပေါင်း ၃၀ အတွင်း အယူခံတင်ခွင့်ရှိတာဖြစ်ပြီး အယူခံဝင်ဖို့အတွက် လိုအပ်တဲ့သက်သေ အထောက်အထားတွေကို ရက်ပေါင်း ၃၀ အတွင်း ရှာဖွေရမှာဖြစ်ပါတယ်။

ရက်ပေါင်း ၃၀ အတွင်း သက်သေမပြည့်စုံဘူးဆိုရင် အယူခံဝင်မယ့်ရက်ကို ထပ်တိုးပေးဖို့ တရားရုံးထံ လျှောက်ထား သွားမယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

အယူခံကိုတရားရုံးက လက်ခံမယ်ဆိုရင် တရားသူကြီးအဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်းပြီး အမှုကိုပြန်လည် စစ်ဆေးရမှာဖြစ်တာကြောင့် အပြီးသတ်အမိန့်ချဖို့ တစ်နှစ်ဝန်းကျင်ခန့် ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ၂ဦး အသတ်ခံရမှုနဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို လူသတ်မှု၊ မုဒိန်းမှု၊ ခိုးမှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှု စတဲ့ အမှု ၇မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။