စစ်တန်းလျားဆောက်ဖို့ သိမ်းခဲ့တဲ့မြေတွေပြန်ရဖို့ ဒေသခံတွေ တောင်းဆို


2013.03.17

ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်က တပ်မတော်(ရေ) စစ်တန်းလျားဆောက်လုပ်ဖို့အတွက် တာမွေမြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်ကနေ ပြောင်းရွှေ့ပေးခဲ့ရတဲ့ ဒေသခံတွေဟာ မူလနေရာကို ပြန်ရရှိဖို့အတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့နေ့လည်ပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

မြန်မာ့ဂုဏ်ရောင်ရပ်ကွက်ကနေ ဒဂုံဆိပ်ကမ်းမြို့နယ်ကို ပြောင်းရွှေ့ခဲ့ရတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရတာကြောင့် မူလနေရာကို ပြန်ပေးစေချင်တယ်လို့ ပြောင်းရွှေ့ခံခဲ့ရသူတစ်ဦးက ဒီကနေ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ရပ်ကွက်က ၇၆ ခုနှစ်က မီးလောင်လို့ ဝန်ကြီး ဦးမြတ်မင်းကိုယ်တိုင် ပြန်ချထားတဲ့ နေရာဖြစ်ပါတယ်၊ ကျူးကျော်နေထိုင်တာ မဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့မြေမှာ ရှာလို့ ဖွေလို့လည်းကောင်းတယ်၊ ကျွန်တော်တို့နဲ့လည်း အဆင်ပြေတယ်၊ ကျွန်တော်တို့က ပွင့်ကောင်း ငါးပိငံပြာရည်စက်ရုံက ဆင်းရတဲ့အတွက် အဲ့စက်ရုံနဲ့ ကျွန်တော်တို့ရပ်ကွက်နဲ့က နီးနီးလေး၊ ဒီနေရာမှာ ကျွန်တော်တို့ပြန်ရမှ အဆင်ပြေမှာလေ၊ လျှော်ကြေးယူချင်လို့ မတင်တကာ လုပ်တာမဟုတ်ပါဘူး၊ ယခုအချိန်ထိ နှစ်ပေါင်းနှစ်ဆယ်နီးပါး ဒုက္ခတွေပင်လယ်ဝေခဲ့ရတယ်"

ဒေသခံတွေကို ဝါဝါဝင်းကုမ္ပဏီက ပြောင်းရွှေ့ခိုင်းခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့လိုတယ်လို့လည်း ပြည်သူ့ကွန်ရက်နဲ့ အမှန်တရားဖော်ထုတ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမြတ်ကျော်က ဖြည့်စွက်ဆွေးနွေးခဲ့ပါသေးတယ်။

အဲဒီရပ်ကွက်တွေကို ဖျက်သိမ်းစဉ်က တဲပေါ်ကနေ တိုက်ပေါ်တင်တဲ့စနစ်ကို အကြောင်းပြပြီး သိမ်းယူခဲ့တာပါ။

ပြန်လည်နေရာချပေးခဲ့တဲ့အခါ ဒေသခံတွေ တိုက်ပေါ်မတင်ပေးဘဲ ဒဂုံဆိပ်ကမ်း၊ ၈၈ ရပ်ကွက်ကို ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။

ဒီကနေ့အခမ်းအနားကို ဖယ်ရှားပြောင်းရွှေ့ခံခဲ့ရတဲ့ဒေသခံ ၃၀၀ ကျော် တက်ရောက်ရှင်းလင်းခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။