ဘုရားစေတီတွေမှာ တပ်စခန်းချ၊ မချ တပ်မတော်နဲ့ ဒေသခံတွေ ပြောဆိုချက် ကွဲလွဲနေ


2020.06.26

ရခိုင်ပြည်နယ်မှာ တပ်မတော်က ဘုရားစေတီတွေ ရှိတဲ့နေရာမှာ တပ်စွဲထားတာ မရှိဘူးလို့ ဇွန်လ ၂၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့  သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုပေမယ့် ဒေသခံ မျက်မြင်တွေကတော့ တပ်မတော်က ဘုရားကုန်းပေါ်မှာ တပ်စခန်းချထားတာ ဒီနေ့အထိရှိနေဆဲလို့ ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နဲ့ ၂၀ ရက်နေ့တွေက မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာအနီးက သင်းကျစ်တောင် ဘုရားနဲ့ ဘူးသီးတောင် မြို့နယ်က သုံးဆယ့်တစ်ဘုံ ဘုရားတွေမှာ တပ်မတော်က စခန်းချထားတဲ့ ဗီဒီယိုဖိုင်တွေကို ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ခဲ့ပါတယ်။

ဒီဗီဒီယိုဖိုင်တွေနဲ့ ပတ်သက်လို့ ဇွန်လ ၂၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့  သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီဘုရားကုန်းတွေမှာ တပ်မတော်က စခန်းချထားတာ မရှိဘူးလို့ ပြောဆိုခဲ့တာပါ။

AA အဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုတွေဟာ ဘယ်နေ့က ရိုက်ကူးထားတယ်ဆိုတာကို RFA က သီးခြားအတည်မပြု နိုင်ပေမယ့် အဲဒီဘုရားကုန်းတွေမှာ တပ်မတော်က စခန်းချထားတာကို ဒီနေ့အထိ မြင်တွေ့နေရဆဲဖြစ်တယ်လို့ အနီးအနားမှာရှိနေတဲ့ ဒေသခံ မျက်မြင်တွေက ပြောပါတယ်။

မြောက်ဦးမြို့နယ် သင်းကျစ်တောင်အနီးမှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဘုရားတောင်မှာ တပ်စခန်းချထားတာကို ဒီနေ့အထိ မြင်တွေ့ရတယ်လို့ ပြောပါတယ်။

“ညဆိုရင် ဓာတ်မီးတွေထွန်းပြီး သူတို့ သွားလာနေတာကို မြင်ရတယ်။ နေ့လယ်ဘက်ဆိုရင်လည်း တောင်ပေါ် ကနေပြီး တောင်အောက်ကို ဆင်းကြတယ်။ ကျွန်တော်တို့ လမ်းပေါ်က ဆိုင်ကယ်၊ ကားတွေနဲ့ သွားတဲ့အခါ ဖြစ်ဖြစ် တောင်ပေါ်မှာ သူတို့ သွားနေတာကို မြင်ရတယ်။ လွန်ခဲ့တဲ့လအနည်းငယ်က တောင်ပေါ်မှာ တိုက်ပွဲ တစ်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတဲ့အချိန်ကစပြီး သူတို့က တောင်ပေါ်မှာ တပ်စွဲထားတာကတော့ သေချာ ပါတယ်။ သေချာတယ်လို့ ပြောနိုင်တာ၊ သူတို့ လှုပ်ရှားမှုကိုမြင်ရတာက ကျွန်တော်တို့ ဆိုင်ကယ်နဲ့သွားတိုင်း တောင်ပေါ်မှာ ရှိနေတာကိုမြင်ရတယ်”

သင်းကျစ်တောင်ဘုရားမှာ တပ်မတော်က တပ်စွဲထားတာကြောင့် ဘုရားဖူးတွေ မသွားရဲကြတော့သလို ဘုရားဂေါပကတွေလည်း ဒီနေ့အထိ မသွားကြတော့ဘူးလို့ သူက ပြောပါတယ်။

အလားတူ ဘူးသီးတောင်မြို့နယ်က သုံးဆယ့်တစ်ဘုံ ဘုရားမှာလည်း တပ်မတော်က စခန်းချထားတာကို ဒီနေ့အထိ လှမ်းမြင်နေရဆဲလို့ အနီးအနားမှာ နေထိုင်တဲ့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

သုံးဆယ့်တစ်ဘုံ ဘုရားကုန်းအနီးမှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံ မွတ်စလင် ရိုဟင်ဂျာတစ်ဦးက တပ်မတော်က ဘုရားကုန်းပေါ်မှာ ကတုတ်ကျင်းတွေနဲ့ တဲထိုးပြီးနေထိုင်တာ ဒီနေ့အထိဆိုရင် တစ်နှစ်ကျော်ရှိပြီလို့ ပြောပါတယ်။

“သုံးဆယ့်တစ်ဘုံမှာရှိတယ်၊ နွားရုံတောင်မှာရှိတယ်၊ ထိပ်ထူးပေါက်မှာရှိတယ်။ ကျွန်တော်တို့က အဝေးကနေ လှမ်းမြင်နေရတာ။ သူတို့က ကျင်းတွေတူးပြီး တဲလေးတွေနဲ့နေကြတာ။ အဲလိုနေတာ တစ်နှစ်ကျော်ရှိပါပြီ။ သူတို့က အမြဲတမ်းရှိပါတယ်”

သုံးဆယ့်တစ်ဘုံမှာ စခန်းချထားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စခန်းချတဲ့နေရာနဲ့ ဘုရားစေတီ ဘယ်လောက်ကွာဝေးသလဲလို့ အဲဒီဒေသခံကို RFA က မေးမြန်းရာမှာ ဘာမှမကွာဘူး၊ ဘုရားနားမှာ နေကြတာလို့ သူက ပြောပါတယ်။

သုံးဆယ့်တစ်ဘုံဘုရားမှာ တပ်မတော်က စခန်းချပြီးတော့ ပစ်ခတ်တာတွေ မလုပ်အောင် တားမြစ်ပေးဖို့ ဘူးသီးတောင်မြို့နယ် သံဃာ့မဟာနာယကအဖွဲ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရထံ စာပေးပို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ ၂၅ ရက်နေ့ကလည်း ကျောက်တော်မြို့ တဘက်ကမ်းက ရှေးဟောင်း ကျောက်တော်တောင် ဘုရားမှာ တပ်မတော်က တပ်စခန်းချထားတာကို ဖယ်ရှားပေးဖို့ မြို့နယ်သံဃာ့မဟာ နာယကအဖွဲ့က ဆရာတော်အပါး ၂၀ ကျော် လက်မှတ်ရေးထိုးပြီး ရခိုင်ပြည်နယ်အစိုးရကို မေတ္တာရပ်ခဲ့တဲ့နောက် တပ်တွေ ပြန်ပြီးရုပ်သိမ်းခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

အလားတူပဲ မင်းပြားမြို့နယ် ပန်းမြောင်းရွာက  အောင်မင်္ဂလာဘုရားတောင်ပေါ်မှာ လွန်ခဲ့တဲ့နှစ်ကစလို့ ဒီနေ့အထိ တပ်မတော်က စခန်းချထားတယ်လို့ ရွာသားတွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ AA အဖွဲ့ကို ထိန်းချုပ်နိုင်ရေး လက်နက်ကြီးပစ်ကူတွေ ပေးနိုင်ဖို့အတွက် တပ်မတော်က ဘုရားကုန်းမှာ တပ်စွဲတာလို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၀ ရက်နေ့က RFA ကို အခုလို ပြောဆိုခဲ့ဖူးပါတယ်။

“ပန်းမြောင်းဆိုတဲ့ရွာက AA ရဲ့ စပါးကျည်လို့ ပြောလို့ရတယ်၊ ကျွန်တော်တို့က ဒီဟာတွေကို ထိန်းချုပ်ချင်လို့ တောင်ပေါ်မှာ တပ်စွဲလိုက်တာပေါ့၊ ပန်းမြောင်းရဲ့အရှေ့ဘက်မှာ ပန်းမြောင်းတောင်တို့ တောင်တွေ အများ ကြီးပါပဲ၊ ဒီကောင်တွေပြန်ပြီးတော့မှ ယာယီစခန်းတွေ တွေ့ထားတာရှိတယ်၊ လိုအပ်ရင် လက်နက်ကြီးပစ်ကူနဲ့ တိုက်မှာလေ၊ ဒါကြောင့် ပန်းမြောင်းမှာ လက်နက်ကြီးပစ်ကူတပ်ကို အဲဒီမှာထားတာလေ"

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက RFA က မြောက်ဦးမြို့ကို ရောက်ရှိနေချိန်မှာ ရှေးဟောင်းရွှေတောင်စေတီပေါ်မှာ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေရာယူထားတာကို လှမ်းမြင်ခဲ့ရပါတယ်။ ရှေးဟောင်းဘုရားစေတီတွေမှာ တပ်မတော်က ဘာကြောင့်စခန်းချရတာလဲ ဆိုတာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ RFA က မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ဘုရား ပုထိုးစေတီတွေဟာ မြို့ရွာတွေကို စိုးမိုးနိုင်တဲ့ တောင်တွေမှာ တည်ထားတဲ့အတွက် တပ်မတော်အနေနဲ့ မြေကိုအသုံးချတာသာဖြစ်တယ်လို့ အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ကျွန်တော်တို့နိုင်ငံမှာရှိပြီးတော့ တည်ထားတဲ့ ဘုရားစေတီတော်တော်များများဟာ တောင်ကုန်းထိပ်တွေ၊ တောင်တန်းတွေရဲ့ ထိပ်တွေ၊ နောက်ပြီးရင် မြို့ကိုစိုးမိုးပြီးတော့ မြို့ပတ်ဝန်းကျင်၊ ရွာပတ်ဝန်းကျင်။ အများကနေပြီးတော့ မြင်နိုင်တဲ့နေရာ ဒီလိုနေရာတွေမှာ တည်ထားပြီးတော့ ကိုးကွယ်ကြတာဖြစ်ပါတယ်။ အဲလိုတည်ထားပြီး ကိုးကွယ်ကြတဲ့ဟာက ခုနကပြောတဲ့ တိုက်ဆိုင်စွာနဲ့ပဲ ကျွန်တော်တို့က မြေကိုအသုံးချရတဲ့ သဘောသဘာဝအရ ကျွန်တော်တို့မှာ မြေကိုအသုံးချပြီးတော့မှ အကြမ်းဖက် တိုက်ခိုက်မှု နှိမ်နင်းတာပဲ ဖြစ်ဖြစ်၊ လုံခြုံရေးအရ ဆောင်ရွက်တာပဲဖြစ်ဖြစ် ဒီလိုတိုက်ဆိုင်မှုတွေက ဘယ်နေရာမှာမဆိုရှိပါတယ်”

တပ်မတော်အနေနဲ့ ဘုရားပုထိုးတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိ တဲ့အတွက် "တပ်မတော်က နေရာယူလို့ ဘုရားစေတီတွေ ပျက်စီးတယ်" ဆိုပြီး စွပ်စွဲတာတွေမလုပ်ဖို့နဲ့၊ အဲဒီလို စွပ်စွဲချက်တွေကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောခဲ့ပါတယ်။

တပ်မတော်အနေနဲ့ ဘုရားစေတီတွေအပေါ်မှာ နေရာယူထားတာမရှိဘူးလို့ ဇွန်လ ၂၃ ရက်နေ့က  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းရဲ့ ပြောဆိုချက်ဟာ တပ်မတော်ရဲ့ အရင်ပြောဆိုချက်တွေ၊ ဒေသခံ မျက်မြင်တွေရဲ့ပြောဆိုချက်တွေနဲ့ ကွဲလွဲနေတဲ့အပေါ် RFA က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို အရပ်သား သေဆုံးဒဏ်ရာရမှုတွေ လည်း တစ်နေ့တစ်ခြား များလာနေပါတယ်။ RFA က စုဆောင်းထားတဲ့ အချက်အလက် အရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကနေ မနေ့က ဇွန်လ ၂၅ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၂၆၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၅၇၂ ဦး ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။