ဖားကန့်မှာ တပ်မတော်နဲ့ KIA တိုက်ပွဲ ဆက်တိုက် ဖြစ်ပွား
2017.05.21
တပ်မတော် နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပြီး ဒီနေ့မှာလည်း ကာမိုင်းနဲ့ မိုးကောင်းကြားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ တယ်လို့ KIA တပ်ရင်း ၆ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တန်ဆန်း က ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက KIA တပ်ရင်း ၆ ရှိရာ တပ်စခန်းနေရာတွေ အနီးကို တပ်မတော်က ချဉ်းနင်းဝင်ရောက်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားရ တာဖြစ်တယ်လို့ ဒုတိယဗိုလ်မှူးကြီး တန်ဆန်း က ပြော ပါတယ်။
"တပ်မတော်ဘက်က တောထဲကိုဝင်တဲ့အခါကျတော့ ကျနော်တို့ရဲ့တပ်စခန်း အနီးပတ်ဝန်းကျင်ကို ချဉ်းကပ်လာတဲ့အခါကျတော့ အနည်း အကျဉ်းတိုက်ပွဲဖြစ်တာပါ။ ဒီနေ့အထိတော့ လေး ငါး ရက်လောက်ရှိပြီခင်ဗျ။ ဒီနေ့လည်း ခုဖြစ်တယ်လို့ကြားတယ်၊ ဟို ကာမိုင်းနဲ့ မိုးကောင်းကြားမှာ တိုက်ပွဲဖြစ်တယ်လို့တော့ကြားတယ်"
တိုက်ပွဲမှာ နှစ်ဘက်ထိခိုက်ဒဏ်ရာရရှိမူ အခြေအနေကို မသိရသေးကြောင်းနဲ့ ဒေသခံ ရွာသူရွာသားတွေ ထိခိုက်မူတော့ မရှိဘူးလို့ ဒုတိယဗိုလ်မှူးကြီး တန်ဆန်း က ပြောပါတယ်။
KIA အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ KIA နယ်မြေထဲကို တပ်မတော်က မကြာခဏဆိုသလို ဝင်ရောက်တာ တွေရှိကြောင်းနဲ့ ဖားကန့်ဒေသမှာ တိုက်ပွဲတွေဖြစ်လာရင် KIA အဖွဲ့က ရရှိနေတဲ့ ဝင်ငွေတွေ လျော့ကျလာအောင် ရည်ရွယ်ချက်နဲ့ နယ်မြေ ကျူးကျော်တဲ့ သဘောလို့ ယူဆကြောင်း ပြောပါတယ်။
လာမယ့် မေလ ၂၄ ရက်နေ့မှာ စတင်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံကို KIO အဖွဲ့က တက်ရောက်ဖို့ အလားအလာနည်းကြောင်းနဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ ၇ ဖွဲ့အားလုံး တက်ရောက်ခွင့်ပြုမှ တက်ရောက်မယ့် အခြေအနေရှိတယ်လို့ ထင်မြင်ကြောင်း ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။