တပ်မတော်ပစ်ခတ်မှုကြောင့် ကျောက်တော်ဆိုင်ကယ်သမား သေဆုံး


2019.10.02
kyauktaw-622.jpg ကျောက်တော်မြို့အဝင် တစ်နေရာကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာသား အသက် ၄၀ အရွယ် ဦးစိုးနိုင်ဟာ ရွာကနေ မြို့ပေါ်ကို ဒီနေ့မနက် ၅ နာရီဝန်းကျင်လောက်က ဆိုင်ကယ်နဲ့ထွက်လာချိန် ကာဒီကျေးရွာအရောက်မှာ တပ်မတော်က ပစ်ခတ်တာကြောင့် သေဆုံးသွားပါတယ်။

တပ်မတော်သားတွေက ဆိုင်ကယ်မောင်းနှင်လာတဲ့ ဦးစိုးနိုင်ကို တားဆီးရာမှာ သူက ရပ်မပေးဘဲ  ဆက်မောင်းသွား တာကြောင့် အပစ်ခံရတာဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကာဒီကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်ကြားရတာက ငါးနာရီထိုးလောက်မှာ အဲဒီနေရာက ဖြတ်သွားတယ်လို့ ပြောတယ်။ ကျနော်တို့ရွာမှာ ခေတ္တရောက်နေတဲ့ တပ်ရှိတယ်။ သူကို တပ်ဖွဲ့ဝင်တွေက မပြေးနဲ့ မပြေးနဲ့လို့ပြောတယ်လို့ ပြောတယ်။ အဲဒီချိန်မှာ သူက ဆိုင်ကယ်ကို ဆက်တိုက်မောင်းသွားလို့ မသင်္ကာလို့ ပစ်လိုက်တာလို့ပြောတယ်။ သူတို့ပြောနေတာကို ရွာအနီးအနားက မိန်းမတွေက ကြားလိုက်တယ်လို့ ပြောတယ်။ ရွာထဲမှာ ဖြစ်တာ"

တပ်မတော်သားတွေက ဆက်မသွားဖို့ တားမြစ်တဲ့အသံကို ဒေသခံတွေက ကြားရတယ်၊ အဲဒီနောက် သေနတ်သံ ထွက်လာတယ်လို့လည်း ပြောပါတယ်။

သေဆုံးသူဟာ ကျောက်တော်မြို့ လေးဝတီကားဂိတ်က ဝန်ထမ်းဖြစ်ပြီး အလုပ်သွားဖို့ ထွက်ခွာလာ ချိန်မှာ ဒီဖြစ်ရပ် ပေါ်ပေါက်လာတာပါ။

ဦးစိုးနိုင် နေထိုင်တဲ့ အပေါက်ဝကျေးရွာဟာ ကျောက်တော်မြို့နဲ့ ၁၀ မိုင်လောက်ဝေးပြီး ပစ်ခတ်ခံရတဲ့ ကာဒီကျေးရွာကတော့ အပေါက်ဝကျေးရွာနဲ့ နှစ်မိုင်လောက်သာ ဝေးပါတယ်။

ဆိုင်ကယ်သမား ရုပ်အလောင်းကို ဒီနေ့ နေ့လယ်အထိ သယ်ဆောင်ခွင့်မရသေးဘဲ ကာဒီကျေးရွာထဲမှာပဲ ရုပ်အလောင်း ရှိနေသေးကြောင်း ကျောက်တော်မြို့ ဖြူစင်မေတ္တာ ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးညီပုက ပြောပါတယ်။

"အခုကတောင်မှ အဲဒီအလောင်းကို ကျနော်တို့ သယ်ယူခွင့်မရသေးပါဘူး။ အဲမှာစစ်တပ်တွေက သူတို့ကို ကာဗာယူထားပါတယ်။ အဲဒါကို ကျနော်တို့က ဌာနဆိုင်ရာတွေကို အကြောင်းကြားပြီး ရဲကိုအကြောင်းကြား ပြီးတော့ အဲမှာအခု နာရေးကို ဦးဆောင်သူတွေနဲ့ သွားယူဖို့ စီစဉ်နေကြပါတယ်။ ဒါပေမဲ့ ဒီဘက်ကို သယ်ယူခွင့် မပေးသေးဘူး။ စစ်တပ်က ရဲကို အပ်ပြီဆိုမှ သယ်ယူခွင့်ရမှာပါ"

ရခိုင်ပြည်နယ်ထဲက ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ဧပြီလ ၂ ရက်နေ့ကစလို့ ထုတ်ပြန်ထားပြီး ဒေသခံတွေအနေနဲ့ ဥပဒေကို လိုက်နာဖို့လိုကြောင်းလည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ဦးစိုးနိုင်ကို ပစ်ခတ်တားဆီးခဲ့တဲ့ အချိန်ဟာ မနက် ၄ နာရီခွဲဝန်းကျင်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပေမယ့် ဒေသခံတွေကတော့ ၅ နာရီဝန်းကျင်မှဖြစ်ကြောင်း ပြောကြပါတယ်။ ဘယ်အချိန်မှာ ပစ်ခတ်မှုဖြစ်တယ်ဆိုတာ ကိုတော့ RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတိုင်း ပစ်ခတ်ခွင့်မရှိကြောင်း ပြောပါတယ်။

"၁၄၄ ကိုချိုးဖောက်ရင် အဲလိုပစ်ရမယ်လို့ ဥပဒေက မပါထားပါဘူး။ လူတစ်ယောက်တည်း အဲလိုဆိုင်ကယ် စီးသွားတာကို ၁၄၄ ကို ကျော်လို့ဆိုပြီး အဲလိုပစ်လို့မရပါဘူး။ သူက ငါးနာရီကျော်ပြီးမှ ထွက်လာတယ်လို့ ဒေသခံပြည်သူတွေက ပြောတယ်။ အပေါက်ဝ က သူနေတဲ့အိမ်က သူမိဘတွေကလည်း ပြောတယ်"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုင်ကယ်သမားကို စစ်ဆေးဖို့တားဆီးရာမှာ မရပ်ပေးဘဲ ထွက်ပြေးသွားတာကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

"ကုလားတန်မြစ်ကမ်းဘေးမှာ လုံခြုံရေးလုပ်နေတဲ့အဖွဲ့တွေက တားဆီးတဲ့အခါမှာ မရပ်ပဲမောင်းပြေးတဲ့အတွက် ခြောက်လှန့်ပစ်ခတ်တာပဲရှိတယ် အဲလိုပစ်ခတ်ရင်း မှန်သွားတာပါ။ သူဆီကို စစ်ဆေးမေးမြန်းတဲ့အခါ သူက ရခိုင်လူမျိုး ရခိုင်ပဲ။ သူ့ဆီကနေ မိုင်းလုပ်တဲ့အခါ အသုံးပြုတဲ့ စနက်တံနဲ့ ဓါတ်ခဲတွေတွေ့တယ်။ ဆိုနီ နိုင်းဗို့စ် ဓါတ်ခဲအပြား လေးခု၊ ငါးခု တွေ့တယ်။ ဒါတွေတွေ့တဲ့အတွက် ပါဝင်ပတ်သက်မှုတွေရှိနေလားဆိုပြီး ကျနော်တို့က ဒီလိုတွေးတယ်။ စစ်ဆင်ရေးနယ်မြေမှာတော့ လိုအပ်တဲ့ စစ်ဆေးဆောင်ရွက်မှုလုပ်မှာပဲ အဲဒါကို အသာတကြည် လက်ခံရင် ဒီပြသနာတွေဘာမှ မကျော်လွှားနိုင်စရာမရှိဘူး ဘာမှလည်း အခက်အခဲတွေ့စရာ မရှိဘူး"

စစ်တွေ - ရန်ကုန် ပြည်ထောင်စုလမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား လမ်းပိုင်းမှာ တပ်မတော် စစ်ကြောင်းတွေကို AA အဖွဲ့က မကြာခဏဆိုသလို မိုင်း ခွဲတိုက်ခိုက်တာတွေ ရှိနေပါတယ်။

သေဆုံးသူရဲ့ ဆိုင်ကယ်ထဲကနေ မိုင်းထောင်ရာမှာ အသုံးပြုတဲ့ စနစ်တံနဲ့ ဓာတ်ခဲတချို့တွေ့ရကြောင်း တပ်မတော်က စွပ်စွဲထားပါတယ်။ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ကလည်း ကျောက်တော်မြို့အနီး တောင်ပေါက်ရွာနဲ့ ဘုရားပေါင်းရွာကြားမှာ ဆိုင်ကယ် ကယ်ရီမောင်းတဲ့ ဦးမောင်မောင်လှ၊ သြဂုတ်လ ၁ ရက်နေ့ညက ပုဏ္ဏားကျွန်းမြို့နယ်ကနေ စစ်တွေမြို့ဘက်ကို ဆိုင်ကယ်စီးလာတဲ့ ကိုချစ်သူအောင်နဲ့ ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာက စက်လှေသမား ဦးမောင်ချေလည်း ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က တပ်မတော်ရဲ့ တားဆီးစစ်ဆေးမှုတွေကို ထွက်ပြေးသွား တာကြောင့် ပစ်ခတ်ခဲ့ရာမှာ သေဆုံးတာတွေရှိခဲ့ပါတယ်။

အလားတူ ဇူလိုင်လ ၂၈ ရက်နေ့က မြောက်ဦးမြို့က Plan International ဝန်ထမ်း ကိုရဲလင်းနိုင်ကိုလည်း တပ်မတော်က တားဆီးစစ်ဆေးရာမှာ ထွက်ပြေးသွားတာကြောင့် ပစ်ခတ်ခဲ့ရာမှာ ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူခံထားရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၈ ဒီဇင်ဘာလကနေ အခု ၂၀၁၉ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ ၈၀ ကျော်အထိရှိနေသလို ထိခိုက်ဒဏ်ရာရ သူတွေကတော့ ၁၂၀ ကျော်လောက် အထိရှိနေပြီလို့ ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့တချို့က ပြောဆိုထားပါတယ်။

(RFA သတင်းထောက် မဝေယံမိုးမြင့် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။