လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်ဝ ဒေသခံ ၁၁ ဦး သေဆုံး

ဝေမာထွန်း
2020.03.14

ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ဆမီးမြို့ကြားက မိတ်စာ(၂)၊ မိတ်စာ (၃) ကျေးရွာတွေပေါ်ကို ဒီနေ့ မတ်လ ၁၄ ရက်နေ့မှာ လေကြောင်းက ပစ်ခတ်ခဲ့မှုကြောင့် ရွာသား ၁၁ ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ခုနှစ်နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးနဲ့ အမျိုးသမီး သုံးဦးပါဝင်တယ်လို့ မီးစာ (၂) ကျေးရွာက ဒေသခံ ဆလိုင်းစံရင်လျန်က ပြောပါတယ်။

“အခုအသေအပျောက်စာရင်းက ၁၁ ယောက်ဖြစ်နေပြီ။ အမျိုးသမီး သုံးယောက်ဖြစ်တယ်။ ကျန်တဲ့လူတွေက အမျိုးသားတွေ၊ ကလေးတစ်ယောက်ပါတယ်။ ခုနှစ်နှစ်တစ်ယောက်ပါတယ်။ ရွာသားတွေ ရှာဖွေရေးလုပ်ပြီးမှ အလောင်းတွေရှာလို့ရပြီ”

ဒီနေ့ မိတ်စာ (၂) နဲ့ (၃) ကျေးရွာတွေပေါ်ကို လေကြောင်းက ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ငြင်းဆိုပါတယ်။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

“ဒီနယ်မြေတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ကျေးရွာတွေနဲ့ ပတ်သက်လို့တော့ အမြဲရှောင်ရှားလေ့ ရှိတယ်။ ဒါပေမဲ့ တချို့ ကျေးရွာတွေမှာတော့ ကျွန်တော်တို့ သတင်းအတိအကျလည်း ရထားတယ်။ လူမနေတာ လည်းကြာပြီ။ AA ဝင်ရောက်နေထိုင် တယ်။ ရွာသားအသွင်နဲ့ နေထိုင်တာလည်းရှိတယ်။ သူတို့အသွင်နဲ့ သူတို့ နေထိုင်တာလည်းရှိတယ်။ အဲလိုမျိုးအခါတွေ ပစ်တဲ့အခါတွေ မှာတော့ သူတို့ဆီက ပြန်ပစ်တယ်။ သတင်းအတိအကျ ရတဲ့အခါ မှတော့ ကျွန်တော်တို့ ပစ်ခတ်လေ့ရှိတယ်။ ရွာသားနေထိုင်တဲ့ ရွာတွေမှာတော့ ကျွန်တော်တို့ လုပ်လေ့လုပ်ထမရှိဘူး။ အရင်က လည်း လုပ်လေ့မရှိဘူး။ အခုလည်း မလုပ်ဘူး။ နောင်လည်းလုပ်မှာ မဟုတ်ဘူး”

ပလက်ဝမြို့နယ်အတွင်း ဒီနေ့ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က အွန်လိုင်းကနေတဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားတာ မရှိသေးပါဘူး။

လေကြောင်းကတဆင့် ပစ်ခတ်ခံရတဲ့ မိတ်စာ (၃) ကျေးရွာမှာ အိမ်ခြေ ၄၀ ခန့်ရှိပြီး လူဦးရေ ၇၀ ခန့်ရှိပါတယ်။ မိတ်စာ (၂) မှာတော့ အိမ်ခြေ ၇၀ ကျော်နဲ့ လူဦးရေ ၁၇၀ ကျော်ရှိတာပါ။ ချင်းနဲ့ မြိုတိုင်းရင်းသားတွေ နေထိုင် နေတာပါ။

မိတ်စာ (၁) (၂) (၃) ကျေးရွာတွေက ဒေသခံအားလုံးဟာ မိတ်စာ(၁) ရွာက အထကကျောင်း၊ ဓမ္မာရုံနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဒီနေ့ စုဝေးနေထိုင်နေကြပါတယ်။

ကျောင်းပေါ်ကို ထပ်မံပစ်ခတ်တာမျိုးတွေမရှိအောင် အာဏာပိုင်တွေက နိုင်ငံတော်အလံထောင်ထားဖို့ ညွန်ကြားထားလို့ အဲဒီအတိုင်းဆောင်ရွက်ထားတယ်လို့ ရွာသားတွေက ပြောပါတယ်။

မတ်လ ၁၃ ရက်နေ့ မနေ့က နေ့လယ် ၁၂ နာရီခန့်အချိန်မှာ ပလက်ဝမြို့နယ်၊ မိတ်စာကျေးရွာ အနောက်ဘက် တောင်ကြောမှာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

ဆမီးမြို့အနီးက ပြိုင်းကိုင်၊ ကျောက်တန်းကျေးရွာတွေနားမှာ တိုက်ပွဲတွေရှိခဲ့ပြီး တပ်မတော် စစ်ကြောင်းတွေဟာ မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။

မနေ့က မတ်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်အတွင်းက ဆေးရုံ၊ စစ်ဘေး ဒုက္ခသည်စခန်းနဲ့ ကျေးရွာအချို့လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ လူ သုံးဦး သေဆုံးခဲ့ပါတယ်။

ကလေး လေးယောက် အပါအဝင် လူ ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

မနေ့က ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရလို့ စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေသူတွေထဲက နှစ်ယောက်ဟာ မနေ့ကညနဲ့ ဒီနေ့မနက်မှာ သေဆုံးသွားပါတယ်။

သေဆုံးသွားသူတွေဟာ ကျောက်တော်မြို့နယ် သိန်းတန်ကျေးရွာက ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့တဲ့ အသက် ၄၀ အရွယ် ဒေါ်နွယ်နွယ်ဦးနဲ့ မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာဆေးရုံမှာ လူနာစောင့်နေရင်း လည်ပင်းမှာ ဒဏ်ရာရခဲ့တဲ့ အသက် ၅၆ နှစ်အရွယ် ဒေါ်သန်းအေးကြည်တို့ ဖြစ်တယ်လို့ သူတို့ကို ကူညီပေးခဲ့တဲ့ စစ်တွေမြို့ဒေသခံ ကိုရဲသော်ထူးက ပြောပါတယ်။

“မနေ့က ကျွန်တော်တို့ဆီကို သုံးယောက်ရောက်တယ်။ ကလေးတစ်ယောက်ရယ်၊ လည်းပင်းမှာ ဒဏ်ရာရတဲ့ တစ်ယောက်ရယ်၊ ခေါင်းမှာထိတဲ့ တစ်ယောက်ရယ်၊ ခေါင်းမှာထိတဲ့ တစ်ယောက်က အသက် ၄၀၊ လည်ပင်းမှာ ကျတဲ့ တစ်ယောက်က အသက် ၅၀ ကျော် သူတို့နှစ်ယောက် ဆုံးသွားတယ်”

မနေ့က ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်အတွင်း ပစ်ခတ်မှုတွေဟာ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေလို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်ဘက်ကတော့ အဲဒီနေရာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တာကို အတည်ပြုပြီး အရပ်သားသေဆုံးမှုနဲ့ ပတ်သက်လို့ တပ်မတော်က ပစ်ခတ်မှု ဟုတ်၊ မဟုတ်ဆိုတာကို တိတိကျကျပြောတာ မရှိပါဘူး။

မြောက်ဦးမြို့နယ်အတွင်းက ရွာပေါင်း ၄၀ ကျော်မှီခိုနေရတဲ့ တိမ်ညိုဆေးရုံကို တပ်မတော်က ပစ်ခတ်ခဲ့လို့ ဆေးရုံကိုထားခဲ့ပြီး မြောက်ဦးကို ထွက်ပြေးခဲ့ရတာဟာ ပြည်တွင်းစစ်ကာလတွင်း အဆိုးဝါးဆုံးဖြစ်ရပ်လို့ ရခိုင်အမျိုးသားပါတီက ဒီနေ့ ကြေညာချက်ထုတ်ပြန် ပြောလိုက်ပါတယ်။

၁၀ တန်းစာမေးပွဲကာလမှာ တိုက်ပွဲတွေဖြစ်နေတာဟာ ကျောင်းသူ၊ ကျောင်းသားတွေကို ထိခိုက်စေတယ်လို့ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က ကျင်းပတဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်လမ်းစဉ်နဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို တောင်းဆိုလာတာဟာ နှစ်ပေါင်း ၇၀ ကြာမြင့်လာပြီဖြစ်ပြီး မအောင်မြင်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့သာ ညှိနှိုင်းဆွေးနွေးရမှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

၁၀ တန်းကျောင်းသားတွေဟာ မတ်လ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ စာမေးပွဲဖြေဆိုရမှာပါ။ စာမေးပွဲ ကာလအတွင်းမှာလည်း တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။