ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဝမ်ဟိုင်းဌာနချုပ်အနီး တိုက်ပွဲဆက်လက်ပြင်းထန်


2015.10.30
sspp-ssa-620.jpg ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။
Photo courtesy of SSPP/SSA

SSPP/SSA ရှမ်းပြည်တပ်မတော်ဌာနချုပ် ဝမ်ဟိုင်းနဲ့ ၅ မိုင်လောက်အကွာ မိုင်းအန်ရွာမှာ ဒီနေ့မနက်ပိုင်းကစပြီး အစိုးရတပ်မတော်နဲ့ SSPP/SSA တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့တိုက်ပွဲအခြေအနေအကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက အခုလို အတည်ပြု ပြောပါတယ်။

"နှစ်ဘက်ထိခိုက်ကျဆုံးမှု နည်းနည်းတော့များတယ်၊ အတိအကျတော့မသိဘူး၊ ကျနော်တို့ဘက်ကတော့ ၁ဝ ယောက် ဝန်းကျင်လောက်ရှိပြီ၊ သူတို့ဘက်ကပိုများတယ်၊ ဖြစ်လာတဲ့တောက်လျောက်မှာ သူတို့က ထိခိုက်ကျဆုံးတာ ရာဂဏန်းလောက်ရှိသွားပြီ၊ တာဆမ်ပူးနေရာရယ် မိုင်းအန်နဲ့ မိုင်းရှူးကားလမ်း တောင်ဘက် အခြမ်းတော့ သူတို့ကဆက်ပြီး စစ်ဆင်ရေးလုပ်နေမှာပဲ၊ သူတို့က ကျနော်တို့ အဲဒီဘက်မှာ အခြေမချနိုင်အောင် လုပ်ဆောင်နေတယ်" 

အစိုးရတပ်မတော်က တာဆမ်ပူးနဲ့ မိုင်းအန်ဖက်က SSPP/SSA တပ်စခန်းတွေ အခြေချထားတဲ့နေရာကို အင်အား အလုံးအရင်းနဲ့ တိုက်နေတာလို့ ပြောပါတယ်။ တိုက်ပွဲဖြစ်နေတာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကတည်း က တစ်လနီးပါးရှိနေပြီဖြစ်ကာ ဒေသခံရွာသားတွေလည်း ထွက်ပြေးနေကြရပါတယ်။ ဝမ်ဟိုင်းဌာနချုပ်အနီး ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ဒေသခံရွာသားတွေဟာ တစ်နေ့ထက်တစ်နေ့ တိုက်ပွဲပြင်းထန်လာနေတဲ့အတွက် ဆက်ပြီးမနေရဲကြတော့ဘဲ ဝမ်ဆော့၊ ဟိုင်းပါနဲ့ မိုင်းရှုးမြို့ပေါ်တွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရာ ဒုက္ခသည် သုံးထောင်ကျော်ရှိနေပြီလို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဒီကနေ့ တိုက်ပွဲအခြေအနေတွေနဲ့ ဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ SNLD ပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နန်းကောင်းခမ်းကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။