မိုင်ဒါကွင်းမှာ ဆန့်ကျင်ရှုတ်ချပွဲလုပ်ဖို့ ခွင့်ပြုခဲ့တဲ့ကိစ္စ လွှတ်တော်မှာမေးမည်


2018.02.08
army-support-ygn-622 မြန်မာ့တပ်မတော်ရဲ့ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် သပ်လျှိုသွေးခွဲနေသူတွေ ဆန့်ကျင် ရှုတ်ချပွဲကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က ဒဂုံမြို့နယ်က မိုင်ဒါကွင်းမှာ ပြုလုပ်ခဲ့စဉ်
Photo: အေးနေဝင်း Aye NeWin - facebook

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်မပြုဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ထားတဲ့ ၁၁ မြို့နယ် မှာ ပါဝင်တဲ့ ဒဂုံမြို့နယ်က မိုင်ဒါကွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆန့်ကျင်ရှုတ်ချပွဲကို ခွင့်ပြုပေးခဲ့တာနဲ့ပတ်သက်ပြီး လာမယ့် သတ္တမအကြိမ် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ မေးခွန်းမေးမြန်းသွားမယ်လို့ ဒဂုံမြို့နယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။

အစိုးရအနေနဲ့ ပြည်သူလူထုကိုတော့ ခွင့်မပြုဘဲ ဒီလိုအဖွဲ့အစည်းကိုတော့ စုဝေးခွင့်ပြုခဲ့တာကြောင့် အမိန့် ၂ မျိုးဖြစ်နေတဲ့အပေါ် ပြန်မေးမြန်းရမယ်လို့ ဒဂုံမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

"ရဲစခန်းကို မေးကြည့်တော့လည်း အစိုးရက ခွင့်ပြုတယ်လို့ပြောတယ်၊ အမိန့်က နှစ်မျိုးဖြစ်နေတာပေါ့ဗျာ၊ ပထမကတော့ ပြည်သူလူထုတော့ ခွင့်မပြုဘူး၊ ဒီလိုအဖွဲ့အစည်းကျတော့ ဘယ်လိုခွင့်ပြုတာလဲ၊ ဒီတပ်ဧရိယာကျတော့ သူ့ဟာသူ ခွင့်ပြုတာလား၊ အဲဒါလေးကျတော့ ကျနော်တို့ ပြန်မေးရမလိုတောင် ဖြစ်နေပြီပေါ့နော်၊ ဒီအစည်းအဝေးမှာကျတော့ မေးလို့မရတော့ဘူးပေါ့၊ သတ္တမပုံမှန်မှပဲ ကျနော်တို့ မေးမြန်းခွင့်ရတော့မယ့် အနေအထားဖြစ်သွားတာပေါ့နော်"

မိုင်ဒါကွင်းဟာ တပ်မတော်ပိုင်ဧရိယာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ပြုလုပ်ရင်တောင် တပ်ဘက်ကို ခွင့်ပြုချက်တောင်းပြီးတော့ ပြုလုပ်ရတယ်လို့လည်း ဦးကျော်ဇေယျက ပြောပါတယ်။

မြန်မာ့တပ်မတော်ရဲ့ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် သပ်လျှိုသွေး ခွဲနေသူတွေကို ဆန့်ကျင်ရှုတ်ချပွဲကို မိုင်ဒါကွင်းမှာ ပြီးခဲ့တဲ့ ၄ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တစ်ထောင်၊ ဗဟန်း၊ စမ်းချောင်း၊ ဒဂုံ၊ အလုံ၊ မင်္ဂလာတောင်ညွှန့်နဲ့ ပုဇွန်တောင် စတဲ့ ၁၁ မြို့နယ်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်မပြုဖို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက သက်ဆိုင်ရာ ရဲစခန်းတွေကို ၂၀၁၇ နိုဝင်ဘာလအတွင်းက ညွန်ကြားစာပေးပို့ထားတာ ဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေဟာ ရန်ကုန်မြို့ရဲ့ အဓိက အရေးပါတဲ့နေရာတွေဖြစ်ပြီး အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်၊ လမ်းကြောင်းတွေပါဝင်တဲ့ မြို့နယ်တွေဖြစ်တာကြောင့် ခွင့်မပြုနိုင်တာဖြစ်တယ်လို့လည်း တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။