ဒေသခံ ၇ဦး သေဆုံးမှု တပ်သားနှစ်ဦးကို ထိထိရောက်ရောက် အရေးယူမည်
2019.04.09
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာမှာ တပ်မတော်သား နှစ်ယောက် ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့သူတွေကို တွေ့ရစဉ်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒေသခံ ၇ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ တပ်မတော်သား ၂ ဦးကို စစ်စည်းကမ်းဖောက်ဖျက်မှုနဲ့ စစ်တရားရုံးမှာ ပွင့်လင်းမြင်သာစွာ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာမှာရှိတဲ့ တပ်စခန်းမှာ ရိက္ခာလာထုတ်တဲ့ တပ်မတော်သား ၂ ဦးက သေနတ်နဲ့ ပစ်ခဲ့တာကြောင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၇ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီတပ်မတော်သား ၂ ဦးကို ၁၉၅၉ တပ်မတော် နည်းဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
တပ်မတော်၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ တပ်သား ၂ ဦးကို ပိတ်ဆို့ဖမ်းဆီးခဲ့ရာမှာ တပ်သားမြင့်ဝေကို ဧပြီလ ၅ ရက်နေ့ ညနေမှာဖမ်းဆီးရမိခဲ့ပြီး တပ်သားငြိမ်းချမ်းကိုဧပြီ ၆ ရက်နေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တဲ့ တပ်သား ၂ ဦးကို လက်နက်နဲ့ ခွင့်မဲ့ပျက်ကွက်မှု၊ အရက်သေစာ သောက်စား မူးယစ်မှုတွေနဲ့ စစ်တရားရုံးမှာ ပွင့်လင်းမြင်သာစွာ စစ်ဆေးအရေးယူသွားမှာဖြစ်ပြီး လူ ၇ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိမှုအတွက် တပ်မတော် အက်ဥပဒေ ပုဒ်မ ၇၂ အရ နယ်ဘက် တရားရုံးကို လွှဲပြောင်း စစ်ဆေးစီရင်သွား မယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။









