ကပ်ရောဂါကာလ စည်းကမ်းချိုးဖောက်သူ နှစ်သောင်းနီးပါးကို အရေးယူခဲ့

စောဖိုးခွား
2020.09.04
police-coronavirus-622.jpg ရန်ကုန်မြို့လည်ခေါင်က လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ဦး။
AFP

ကပ်ရောဂါကာလအတွင်းမှာ စည်းကမ်းမလိုက်နာသူပေါင်း (၁၉၈၉၇) ကို အရေးယူခဲ့ပြီးပြီလို့   နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

မတ်လ ၂၆ ရက်နေ့ကနေစပြီး ဒီကနေ့အထိ အရေးယူခဲ့တဲ့သူတွေထဲမှာ ကူးစက်ရောဂါ တားဆီးနှိမ်နင်းရေးဥပဒေနဲ့ အမှုပေါင်း ၉၁၄၈ မှုနဲ့ အမျိုးသား၊အမျိုးသမီးပေါင်း ၁၃၉၀၈ ယောက်၊ သဘာဝဘေးအန္တရာယ်စီမံခွန်ခွဲမှုဥပဒေနဲ့ အမှုပေါင်း ၁၁၈ မှုနဲ့ အမျိုးသား၊ အမျိုးသမီးပေါင်း ၂၈၂ ယောက်၊ ညမထွက်ရ ရာဇသတ်ကြီးဥပဒေပုဒ်မ (၁၈၈)နဲ့  အမှုပေါင်း ၂၁၁၇ မှုနဲ့ အမျိုးသား၊ အမျိုးသမီးပေါင်း ၅၅၇၀ ယောက်၊ ယခုကာလမှာ ကေတီဗွီ၊ ဘားကလပ်တွေဖွင့်လို့ အရေးယူခံရတဲ့သူက အမှုပေါင်း (၂၂ ) မှုနဲ့  အမျိုးသား၊အမျိုးသမီးပေါင်း ၁၃၇ ယောက် တို့ကို အရေးယူခဲ့ကြောင်း ဦးဇော်ဌေးကပြောပါတယ်။

အရေးယူခံရတဲ့သူတွေဟာ နှာခေါင်းစည်းမတပ်တာ၊ လူစုလူဝေးလုပ်တာ၊ ကွာရန်တင်းစင်တာတွေမှာ ထိန်းသိမ်းတာ လက်မခံတာ၊ ထွက်ပြေးတာ၊ ပြည်ပကနေ ပြန်ဝင်လာပြီး အသိမပေးတဲ့သူတွေ၊ ကျန်းမာရေးစစ်ဆေးတာကို လက်မခံသူတွေ၊ သတင်းမှားဖြန့်ဝေတာ၊ အရက်သေစာ မူးယစ်သောက်စားပြီး ကျန်းမာရေးဝန်ထမ်းတွေကို နှောင့်ယှက်တာ၊ စားသောက်ဆိုင်ထိုင်တာ၊ စားသောက်ဆိုင်ဖွင့်တာ၊ တားမြစ်ထားတဲ့ကြားက မင်္ဂလာဆောင် ကျင်းပတာစတဲ့ အစိုးရက တားမြစ်ထားတဲ့ အချက်တွေကို လုပ်ဆောင်တာကြောင့် အရေးယူခဲ့တာလို့ ဆိုပါတယ်။

ဒီကပ်ရောဂါကာလ အတွင်းမှာ စည်းကမ်းမလိုက်နာတဲ့သူတွေကို တင်းတင်းကြပ်ကြပ် အရေးယူသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့မှာ ကျင်းပတဲ့ အွန်လိုင်းဆွေးနွေးပွဲ တစ်ခုကနေ သတိပေးထားပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းက သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နဲ့ မင်္ဂလာဒုံမြို့နယ် တို့ကို အိမ်အပြင်မထွက်ရအမိန့် ထုတ်ထားပြီး၊ ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မာန်အောင် မြို့နယ်တွေမှာလည်း ညကိုးနာရီကနေ နောက်တစ်နေ့နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေက ထုတ်ပြန်ထားပါတယ်။

ညမထွက်ရ အမိန့်ဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ အရ အမှုဖွင့်တရားစွဲခံရမယ်ဆိုရင် အလုပ်လက်မဲ့နဲ့ ထောင်ဒဏ် တစ်လ အထိဖြစ်စေ၊ ငွေဒဏ် နှစ်သောင်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေကျခံရနိုင်ပါတယ်။

ဖမ်းဆီးရာမှာ ခုခံလို့ ပြဿနာဖြစ်မယ်ဆိုရင် ထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ ငွေဒဏ် တစ်သိန်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။