ရွာသား ၄ ဦး ဖမ်းခံရ


2018.08.01
nanmatu-622.jpg နမ္မတူ-ဘော်တွင်း-မန်တုံလမ်း တစ်နေရာကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ် နမ္မတူမြို့နယ်၊ ပန်ဆော့ကျေးရွာအုပ်စု၊ ပန်ကွပ်ကျေးရွာက ဒေသခံရွာသား ၄ ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန်စံကျေးရွာဈေးကနေ အပြန်လမ်းမှာ ခေါ်သွားခံရတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

"သူတို့က ဆိုင်ကယ်ရှိတာ ၃ စီး၊ မိန်းကလေးက တစ်ယောက်၊ မိန်းကလေး တစ်ယောက်က အရင်မောင်းသွား တာ၊ မိန်းကလေးနဲ့ သူတို့နဲ့ တော်တော်လေးလှမ်းနေတော့ မိန်းကလေးက မမြင်လိုက်ဘူး၊ မန်စံနဲ့ ပန်ကွပ် ကြားထဲက လမ်းခွဲနေရာမှာ RCSS ကရှိနေတယ်တဲ့၊ အဲမှာဖမ်းခေါ်သွားတယ်တဲ့၊ အဲလိုမျိုးတော့ ကြားထားတယ်၊ ယောကျာ်းလေး ၄ ယောက် ဆိုင်ကယ် ၂ စီးပေါ့၊ မိန်းကလေးတစ်ယောက်က သူကသီးသန့်၊ ပြောပုံအရဆို အဲဒီကလေးမလေးက သူတို့ကြာတယ်ဆိုပြီးတော့ အနောက်ပြန်လာပြီးတော့ ကြည့်တဲ့အချိန်ကျတော့ လူတွေ ကိုတော့ မမြင်တော့ဘူး၊ ဆိုင်ကယ်တွေကို ထားသွားတယ်"

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ရွာသား ၄ ယောက်ထဲမှာ အသက် ၁၈ အရွယ်လည်း ပါဝင်သလို ၅၀ အရွယ် တစ်ဦးလည်း ပါဝင်ပါတယ်။

မန်စံနဲ့ ပန်ကွပ်ကျေးရွာဟာ ဆိုင်ကယ်နဲ့ ၁၅ မိနစ်လောက်သွားရပြီး ၅ ရက်တစ်ကြိမ် ဈေးနေ့ဖြစ်တဲ့ မန်စံ ကျေးရွာကို အခြေခံစားသောက်ကုန်တွေ သွားဝယ်ပြီးအပြန်မှာ ခေါ်ဆောင်သွားခံရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ပန်ကွပ်ရွာသား ၂ ယောက်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့တွေက ဖမ်းဆီးသွားပြီး  တစ်ယောက်က ပြန်ထွက်ပြေးလာရာ ကျန်တဲ့ တစ်ယောက်ကိုလည်း ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ပန်ကွပ်ကျေးရွာသား ၅ ယောက်ကို ဖမ်းဆီးခေါ်ဆောင်ခံရတယ်လို့ ဆိုပါတယ်။

အဲဒီဒေသတစ်ဝိုက်ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA တပ်တွေ လှုပ်ရှားတဲ့ နယ်မြေဖြစ်ပြီး ဇွန်လအတွင်းမှာ RCSS နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲတွေကြောင့် ဇွန်လ ၂၅ ရက်နေ့ကနေ ဒီနေ့အထိ စာသင်ကျောင်းတစ်ချို့ ပိတ်ထားရပါတယ်။

အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး RCSS ဘက်ကို မေးမြန်းဖို့ RFA က ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။