ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရမှု အာဆာအဖွဲ့ရဲ့ လက်ချက်ဟု ဘင်္ဂလားဒေ့ရှ်ပြော

2022.03.16
ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရမှု အာဆာအဖွဲ့ရဲ့ လက်ချက်ဟု ဘင်္ဂလားဒေ့ရှ်ပြော လုပ်ကြံခံရသည့် ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်အူလာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းမှာ ၂ဝ၁၉ ခုနှစ်တွင် တွေ့ရစဉ်
AFP Photo

မနှစ်က စက်တင်ဘာလက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းမှာ အသတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်အူလာနဲ့ ပတ်သက်ပြီး သူ့ကို (ARSA) အာဆာအဖွဲ့က သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပထမဆုံးအကြိမ် အင်္ဂါနေ့က ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

အသတ်ခံရတဲ့ ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်အူလာဟာ လူသိများတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး သူ့မိသားစုက အာဆာအဖွဲ့လက်ချက်ဖြစ်တယ်လို့ အသတ်ခံရပြီးနောက်ပိုင်း ပထမဆုံးထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အမှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းခဲ့ရာမှာ အာဆာအဖွဲ့ဝင် ၁၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးချိန်မှာ လေးဦးက သူတို့ အာဆာအဖွဲ့ဝင် ဖြစ်တယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။
သူတို့ အာဆာအဖွဲ့က မိုဟစ်အူလာကို သတ်ဖြတ်ဖို့ တာဝန်ပေးခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က AFP ကို ပြောပြခဲ့ပါတယ်။

မိုဟစ်အူလာ အသတ်ခံရတဲ့ စက်တင်ဘာ ၂၇ ရက်နေ့ ညက အာဆာအဖွဲ့ အစည်းအဝေး ရှိပြီး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။ ဒီအစည်းအဝေးကနေ မိုဟစ်အူလာကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ သတ်မိန့်ပေးသူ အာဆာခေါင်းဆောင်ဟာ Ataullah ဖြစ်ပြီး သူဟာ မြန်မာပြည်မှာ ရောက်ရှိနေတယ်လို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အာဆာအဖွဲ့ဟာ ဒုက္ခသည်စခန်း ပတ်ဝန်းကျင်မှာ လှုပ်ရှားလေ့ရှိပြီး မူးယစ်ဆေးဝါးနှင့် တကွ ဒုစရိုက်လုပ်ငန်းမျိုးစုံကို ကျူးလွန်နေသလို နိုင်ငံရေးအရ အမြင်မတူသူတွေကိုလည်း လုပ်ကြံသတ်ဖြတ်လေ့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။