အခက်အခဲ ရင်ဆိုင်ရေး အာဆီယံ ဝန်ကြီးတွေ နေပြည်တော် မှာ ဆွေးနွေး


2014.04.05
thein-sein-asean-civil-society-305 ၂ဝ၁၁ ခုနှစ် မေလ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကို တွေ့ရစဉ်
AFP

နေပြည်တော်မှာ မနေ့ကကျင်းပတဲ့ အာဆီယံ ဘဏ္ဏာရေးဝန်ကြီးများ အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အာဆီယံနိုင်ငံတွေရဲ့ လက်ရှိစီးပွားရေးဟာ တိုးတက် မှှု မြင့်မားနေဆဲဖြစ်ပေမယ့် အမေရိကန် ပြည်ထောင်စု ဗဟိုဘဏ်က ပြည်တွင်းစီးပွားရေး နလန်ထူရေးသုံးစွဲငွေ ပမာဏကို အရင်လအတွင်း သိသိသာသာ လျှော့ချ လိုက်တဲ့အတွက် အာရှနိုင်ငံတွေရဲ့ ငွေပင်ငွေရင်းကို အထိနာသွားစေခဲ့တယ်လို့ စီးပွားရေးပညာရှင်တွေ က ပြောပါတယ်။

အမေရိကန်အစိုးရက စီးပွားရေးနလန်ထူဖို့အတွက် အတိုးနှှုန်းတွေ အထူးလျော့ချပြီး ငွေကြေးအများအပြားကို ထုတ်ချေးခဲ့ရာကနေ အခုတော့ အမေရိကန် စီးပွားရေးပြန်လည် ဦးမော့လာပြီဖြစ်တဲ့အတွက် အဲဒီနလန်ထူရေးသုံးစွဲငွေ ပမာဏကို လျှော့ချနေပြီဖြစ်ပါတယ်။ အမေရိကန်ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့လက နလန်ထူရေးထောက်ပံ့ဖို့အတွက် လစဉ်ဒေါ်လာ ၆၅ ဘီလီယံသုံးစွဲရာကနေ ၅၅ ဘီလီယံ ကို လျော့ချခဲ့ပါတယ်။

အဲ့ဒီလိုအမေရိကန်ဗဟိုဘဏ်ရဲ့ ထောက်ပံ့ငွေလျှော့ချမှုကြောင့် အာရှတိုက်ကို အရင်ကစီးဝင်နေတဲ့ ဝင်ငွေတွေ နည်းပါးသွားပြီး အမေရိကန်ပြည်ထောင်စုကို နိုင်ငံခြားကငွေတွေ ပြန်လည်ဝင်ရောက်လာနေပြီဖြစ်တဲ့အတွက် အင်ဒိုနီးရှားနိုင်ငံလို စီးပွားရေးတိုးတက်ဆဲ အာရှနိုင်ငံတွေရဲ့ ငွေအရင်းအနှီးကို အတော်ထိခိုက်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပညာရှင်တချို့ကတော့လည်း အာဆီယံနိုင်ငံတချို့အနေနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ကြီးကြပ်ကွပ်ကဲပုံတွေ တိုးတက်ပြောင်းလဲပြီး Macro-economic ခေါ် အကျယ်အပျံ့ခြုံငုံချမှတ်တဲ့ စီးပါွးရေးမူဝါဒတွေကို အောင်အောင်မြင်မြင် ကျင့်သုံးနေပြီဖြစ်လို့ အကြီးအကျယ်ထိခိုက်မှာ မဟုတ်ပါဘူးလို့ သုံးသပ်ပါတယ်။ အာရှဘဏ်က အာဆီယံနိုင်ငံတွေရဲ့ စီးပွားရေးဟာ ၂ဝ၁၄ ခုနှစ်အတွင်း ၅% တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။