လာမယ့် ၂ နှစ်အတွင်း အာဆီယံ လူ့အခွင့်အရေး တိုးတက်ဖို့ အရေးကြီး

မြန်မာအစိုးရ အလှည့်ကျ တာဝန်ယူမယ့် ၂၀၁၄ ခု မတိုင်မီ အာဆီယံ ဒေသ တစ်ခုလုံးနဲ့ အာဆီယံ တစ်နိုင်ငံချင်း လူ့အခွင့်အရေးတွေ တိုးတက် ပြောင်းလဲလာဖို့ အထူး အရေးကြီးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Ms. Navi Pillay က ပြောပါတယ်။

2011.11.30
pillay-un-hrs-305 ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Ms. Navanethem Pillay
un.org

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ညီလာခံ နောက်ဆုံး ၃ ရက်မှာ သွားရောက် တက်ခဲ့တဲ့ Ms. Pillay က အာဆီယံ ညီလာခံ ကာလ အတွင်း ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်း မျိုးစုံနဲ့ တွေ့ဆုံခဲ့သလို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ ပြောဆို ဆွေးနွေးခဲ့တယ်လို့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တွေ့ဆုံ ဆွေးနွေးမှုတွေ ကနေ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာတဲ့ အချက် တစ်ခုကတော့ ဒေသတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်လာဖို့၊ အရှိန်အဟုန် ကောင်းကောင်းရဖို့ ဆိုရင် နောက် ၂ နှစ်တာ ကာလဟာ အထူး အရေးပါတဲ့ နှစ်တွေ ဖြစ်လာလိမ့်မယ် ဆိုတဲ့ အချက်ပဲလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးခဲ့တာကို အထူးအားတက်မိကြောင်း၊ ဒါပေမယ့် ဆက်လက် လုပ်ကိုင်စရာတွေ အများကြီး ရှိနေတယ် ဆိုတာ သဘောတူကြောင်း၊ အင်န်အယ်လ်ဒီ ပါတီကရတဲ့ စာရင်းအရ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၆၀၀ ခန့် ရှိနေပြီး ပါတီက မသိတဲ့သူတွေလည်း ရှိနေနိုင်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား အားလုံး မကြာခင် ပြန်လွတ်လာဖို့ ဒေါ်အောင်ဆန်းစုကြည် နည်းတူ မိမိလည်း ဆန္ဒရှိကြောင်း၊ ၂၀၁၄ မတိုင်ခင် တရား ဥပဒေ စိုးမိုးဖို့ လိုကြောင်းကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။