၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ ကြားဖြတ် ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေး လမ်းကြောင်းကို ဝိုင်းရံ အားပေးသွားမှာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကိစ္စနဲ့ ရေရှည် နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးဖြစ်တယ်လို့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက အာအက်ဖ်အေကို ပြောပါတယ်။ ညနေ ငါးနာရီခွဲမှာ စတင်ခဲ့တဲ့ ဒီကနေ့ တွေ့ဆွဲပွဲဟာ တစ်နာရီခွဲ ကြာပြီး ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေးတို့က ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံတာပါ။ ပြီးခဲ့တဲ့ စနေနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က ထုတ်ပြန်တဲ့ အချက် ကိုးချက်ပါ ကြေညာချက်မှာ ပါတဲ့ အတိုင်း အစိုးရက လက်ရှိ ဆောင်ရွက်နေတဲ့ တိုင်းရင်းသား အပစ်ရပ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အမျိုးသား အင်အားစု အားလုံး လက်တွဲ ဆောင်ရွက်နိုင်မယ့်၊ ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖြစ်လာဖို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ကြိုးပမ်းသွားမယ်လို့ ကိုကိုကြီးက ပြောပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကို အာအက်ဖ်အေ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
0:00 / 0:00