ဒေါ်အောင်ဆန်းစုကြည်ကို သောင်းနဲ့ချီတဲ့ ပြည်သူတွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ဒီဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။
"ကျွန်မတို့နိုင်ငံမှာ ဆိုလို့ရှိရင် အကျင့်တွေပျက်နေတာ ကြာပြီ၊ အခြေခံအားဖြင့် ကြည့်မယ်ဆိုရင်တော့ ကျွန်မတို့ နိုင်ငံမှာ ပြုပြင်ဖို့ဆိုတာ လွယ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ယုံကြည်တယ်။ ကျွန်မတို့ ပြည်သူဟာ သန့်သန့်ရှင်းရှင်းနဲ့ မှန်မှန်ကန်ကန် လုပ်ချင်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့နဲ့အတူ လက်တွဲပြီးတော့ လုပ်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်"
ဒီကနေ့ မွန်းလွဲပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တာမွေမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက်ကို ရောက်ရှိခဲ့ပြီး ရခိုင်ရှေးဟောင်းသမိုင်းဝင် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို ဖူးမျှော် ကြည်ညိုခဲ့တယ်လို့ သိရပါတယ်။
မနေ့က ညနေခင်းကလည်း အင်းစိန်ရွာမ၊ ပရိယတ္တိ စာသင်တိုက်ကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးတိလောကကို တွေ့ဆုံ ဖူးမျှော်ခဲ့ပါတယ်။ အဲဒီလို သွားရောက်ရာမှာ အများပြည်သူကို အသိပေး ကြေညာခြင်း မရှိခဲ့ပေမယ့် အင်းစိန်နဲ့ မရမ်းကုန်းမြို့နယ်က ပြည်သူတွေနဲ့ ကျောင်းသူ၊ကျောင်းသား အများအပြား အင်းစိန်ရွာမ စာသင်တိုက်မှာ စောင့်ကြိုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆရာတော်ကြီးကို ဖူးမြော်ကန်တော့အပြီးမှာ စောင့်ကြိုနေကြတဲ့ ကလေးငယ်တွေကို သီးသန့်တွေ့ဆုံခဲ့ပြီး ညနေ ၆ နာရီမှာ ပြန်လည်ထွက်ခွာသွားပါတယ်။