ဖွဲ့စည်းပုံကို ပြင်ရန် တပ်မတော် ပါဝင်ပူးပေါင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော
2012.03.01
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့မှူးမြို့နယ် ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ကြိုဆိုနှုတ်ဆက်စဉ်။
AFP
အန်အယ်လ်ဒီ မဲဆွယ် စည်းရုံးရေးခရီးစဉ်အဖြစ် ရှမ်းပြည်နယ်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ကလောမြို့လူထုကို ပြောကြားတဲ့မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ခိုင်မာမှ နိုင်ငံတည်တံ့ခိုင်မြဲမှာ ဖြစ်တာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ပြည်သူနဲ့ တပ်မတော် အပြန်အလှန် ချစ်ခင်မှု၊ အားကိုးမှုရှိခဲ့တဲ့ အခြေအနေမျိုး အခုလည်း ဖြစ်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး အရေးကြီးပြီး တရားဥပဒေ စိုးမိုးရေးဟာ အကြောက်တရားကနေ ပြည်သူလူထုကို အကာအကွယ် ပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းက ဟဲဟိုးလေဆိပ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာရာမှာ ဒေသခံ ပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။ အဲဒီနောက် အောင်ပန်းမြို့ ဟိုက်ဒရိုကွင်းမှာ သောင်းနဲ့ချီတဲ့ လူထုကို မိန့်ခွန်း ပြောကြားပါတယ်။
နေ့လယ်ပိုင်းမှာ ကလောမြို့နယ် အန်အယ်လ်ဒီရုံးမှာ လူထုကို ထပ်မံဟောပြောခဲ့ပါတယ်။ အဲဒီဟောပြောပွဲကို ကဗျာဆရာ စာရေးဆရာကြီး ဒဂုန်တာရာနဲ့ တောင်ကြီး ရဟန်းပျိုများအဖွဲ့ ဥက္ကဋ္ဌဟောင်း ဆရာတော် ဦးခေမာနန္ဒတို့လည်း တက်ရောက်ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆုတောင်းမေတ္တာ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဟဲဟိုးမြို့ ကျောက်တိုင်ကွင်းမှာ လူထုကို မိန့်ခွန်း ပြောကြားပြီး ညနေ ၄ နာရီမှာ ဟဲဟိုးလေဆိပ်ကနေ ရန်ကုန်မြို့ကို
ပြန်လည် ထွက်ခွာလာကြောင်း သိရပါတယ်။









