ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိပြည်သူတွေ အခက်အခဲ မေးမြန်း

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီ ဘုန်းတော်ကြီးကျောင်းမှာ ဒေသခံကျေးရွာပြည်သူတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးနဲ့ အလုပ်အကိုင် ရရှိရေး စတဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

2012.08.11

"နံပတ်တစ် လိုအပ်ချက်တခုကတော့ လမ်းပန်းဆက်သွယ်ရေးပဲ။ နောက်ပြီးတော့ ရေ ပေါ့နော်။ ရေပြဿနာရှိတယ်။ ဒီဘက်မှာတော့ မသိဘူး၊ ကျမတို့ဘက်မှာတော့ ရှိတယ်။ နောက်ပြီးတော့ လျှပ်စစ်မီးပေါ့။ လျှပ်စစ်မီးမရှိတဲ့ ပြဿနာ မလုံလောက်တဲ့ ပြဿနာ ဒါတွေရှိတယ်။ နောက်ပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်တာ။ ဥပမာဆိုရင် ဆေးပေးခန်းတွေ မရှိတာ။ ဆေးပေးခန်းတွေရှိလည်း ဆရာမတွေ ဆရာဝန်တွေ မရှိတာ။ နောက်ပြီးတော့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ရွာတိုင်းမှာ ကျောင်းမရှိတဲ့ အခါကျတော့ တခြားရွာက ကျောင်းကို သွားတက်ရတယ်။ နောက် အလုပ်လက်မဲ့ ပြဿနာ။ အထူးသဖြင့် ကျမတို့ အတွက် စိတ်ပူရတာက လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်နေတယ်။ တချို့က ကျောင်းပြီးပြီ၊ အလုပ်မရှိဘူး။ အသက်မွေးဝမ်းကျောင်း ရှာနိုင်တဲ့ အခြေအနေမှာ မရှိဘူး။ ကျမတို့ကတော့ တတ်နိုင်သမျှတော့ လုပ်ပေးတယ်။ အားလုံးကိုတော့ ချက်ခြင်းလုပ်ပေးလို့ မရဘူး။"

နေပြည်တော်က အခြေခံပြည်သူတွေနဲ့ အခုလို တွေ့ဆုံတာဟာ ဒေသခံလူထုရဲ့ ပညာရေး ၊ ကျန်းမာရေး ၊လူမှုရေး ၊စီးပွားရေး အခြေအနေတွေကို သိချင်လို့ ပြည်သူတွေရဲ့အသံကို လာရောက် နားထောင်တာ ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ပညာရေးနဲ့ ပတ်သက်လို့ အတန်းပညာ အနည်းဆုံး ဆယ်တန်းထိ သင်ကြားခဲ့ဖူးတဲ့ လူငယ်တွေကို ကျောင်းဆရာဖြစ် သင်တန်းတွေ ပေးသွားဖို့ အစီအစဉ် ရှိသလို ကျန်းမာရေးအပိုင်းမှာလည်း ပညာပေးရေး သင်တန်းတွေနဲ့ အခမဲ့ ဆေးခန်းတွေ ဖွင့်လှစ်ပေးသွားဖို့ အစီအစဉ် ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲကို ရဲဒီကျေးရွာနဲ့ အနီးအနားကျေးရွာ (၁၂) ရွာက ဒေသခံပြည်သူ ၂၅၀ လောက် တက်ရောက်ခဲ့ပါတယ်။

ဒီအတောအတွင်း နေပြည်တော် NLD ရုံးသစ်ကို အခုလ ၁၅ ရက်နေ့မှာ မြို့လယ် သပြေကုန်း ရပ်ကွက်မှာ ဖွင့်လှစ်မှာ ဖြစ်ကြောင်း၊  အဲဒီရုံးမှာ လယ်ယာမြေ သိမ်းဆည်းခံရတာတွေနဲ့ ပတ်သက်လို့ ဥပဒေအကြောင်း သိကောင်းစရာတွေကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ မနက် ၉ နာရီကနေ ၁၁ နာရီခွဲအထိနဲ့ ညနေ ၃ နာရီကနေ ၆ နာရီအထိ လာရောက်တိုင်ပင် ဆွေးနွေးနိုင်မှာ ဖြစ်တဲ့အပြင် အခုလ ၁၆ ရက်နေ့ကစလို့ ကျေးရွာအသီးသီးက ကလေးငယ်တွေ အတွက် ပညာရေး အထောက်အကူပြု သင်တန်းတွေပါ စတင်ပို့ချသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။