ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်းပွဲတော် ဒေါ်အောင်ဆန်းစုကြည် ဖွင့်

ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်း ပွဲတော်ကို ဒီကနေ့မနက် ဆယ်နာရီက ရန်ကုန်မြို့ ပြည်လမ်း ယုဒသန်ရိပ်သာမှာ ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။

2011-11-21
Share
assk-education-network-305 ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်း ယုဒသန်ရိပ်သာတွင် ကျင်းပသည့် ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေစဉ်။
RFA

ပွဲတော်ဖြစ်မြောက်ရေး စီစဉ် ဆောင်ရွက်သူ တစ်ဦးဖြစ်တဲ့ ဗေဒါကျောင်း ကြီးကြပ်ရေး အဖွဲ့ဝင် ကိုမျိုးရန်နောင်သိမ်းက ဈေးရောင်းပွဲတော် အောင်မြင်ကြောင်း၊ အပြင်ရော အတွင်းရော ဆိုင်ခန်းတွေ ပြည့်ညပ်နေတဲ့ အထိ စည်ကားကြောင်း ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးတဲ့နောက် တက်ရောက်လာတဲ့ လူထု ပရိသတ်ကို ပညာရေး အရေးကြီးပုံနဲ့ ပတ်သက်ပြီး မိန့်ခွန်း ပြောကြားခဲ့တယ်လို့ ကိုမျိုးရန်နောင်သိမ်းက ပြောပါတယ်။

ပညာရေး ကွန်ယက် အတွက် ရန်ပုံငွေရှာတဲ့ ဈေးရောင်း ပွဲတော်မှာ အမေ့အိမ် စာသင်ကျောင်းတွေ၊ ရန်ကုန် ဗေဒါကျောင်း ၊ အထက် မြန်မာပြည် ဗေဒါကျောင်း၊ တောင်ကြီး ဗေဒါကျောင်းစတဲ့ ပညာရေး ကွန်ယက်ဝင်ကျောင်းတွေ အပါအဝင် ဆိုင်ခန်းပေါင်း ၃၂ ခန်းက အစားအသောက်၊ စာအုပ်၊ ပို့စကတ်၊ အဝတ်အထည်နဲ့ တခြားပစ္စည်းတွေ ရောင်းချခဲ့ရာမှာ အထူး ရောင်းကောင်းတယ်လို့ သိရပါတယ်။

တက်ရောက်လာတဲ့ ပရိသတ်က ပညာရေးကွန်ယက် အတွက် သီးသန့်အလှူငွေတွေလည်း ထည့်ဝင်ခဲ့ကြ ပါတယ်။ ညနေ ၅ နာရီလောက် အထိ ခန့်မှန်းခြေ အလှူငွေ သိန်း သုံးဆယ်လောက် ရတယ်လို့ သိရပါတယ်။

ဒီဈေးရောင်းပွဲတော်မှာ နာမည်ကြီး အနုပညာသည်တွေရဲ့ စင်မြင့်သီဆို ဖျော်ဖြေမှုတွေလည်း ပါဝင်တယ်လို့ ပွဲတော် ဖြစ်မြောက်ရေး တာဝန်ခံ တစ်ဦးဖြစ်သူ ကိုဆောင်းဦးလှိုင်က ပြောပါတယ်။

ဒါ့အပြင် ကိုစိုးမြတ်သူ ဦးဆောင်တဲ့ “ နယ်စည်းမခြား လူရွှင်တော်များအဖွဲ့”နဲ့ “သုခုမ ခရီးသည် မျက်လှည့် အဖွဲ့” တို့ကလည်း ပရိသတ်ကို ဖျော်ဖြေ တင်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့