ဒေါ်အောင်ဆန်းစုကြည်ကို ကချင်လူထု ထောင်သောင်းများစွာ ကြိုဆို

ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိလာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကချင်လူထု ထောင်ပေါင်း များစွာက ကြိုဆိုခဲ့ပါတယ်။

2012.02.23
assk-kachin-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကချင်လူထုက ကြိုဆိုနေစဉ်။
AFP

မြစ်ကြီးနားမြို့ကနေ မော်တော်ကားနဲ့ ထွက်ခွာလာပြီး နမ္မတီးမြို့ကိုအရောက် ပြည်သူ့ အားကစားကွင်းမှာ စောင့်ကြိုနေတဲ့ ကချင်ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်မိန့်ခွန်း ပြောခဲ့ပါတယ်။

“နမ္မတီးဟာ ကျွန်မ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးတွေမှာ ပထမဦးဆုံး ရောက်လာတဲ့ ပြည်နယ်ခရီးစဉ် ဖြစ်ပါတယ်။ ပြည်နယ်ခရီးစဉ် ဒီမှာဆိုလို့ရှိရင် ရှမ်း၊ ဗမာ၊ ကချင် တိုင်းရင်းသားမျိုးစုံကနေပြီးတော့ အတူနေတဲ့ မြို့နယ်တစ်ခုကို ရောက်လာတဲ့အတွက် ကျွန်မ အင်မတန်မှ ဝမ်းသာတယ်။ ဒီမိုးကောင်းမှာလည်း ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ပြီးတော့ ယှဉ်ပြိုင်ရတဲ့ အကြောင်းရင်း တစ်ခုကတော့ ပြည်ထောင်စုကို ကျွန်မတို့ ထူထောင်ချင်လို့၊ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန့်ပွားစေချင်လို့ ဖြစ်ပါတယ်”

အဲဒီဘောလုံးကွင်းမှာ လူတွေ အပြည့်ပဲလို့ နမ္မတီး အန်အယ်လ်ဒီ တာဝန်ခံ ဦးဝင်းနိုင်က ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ကချင်ပြည်သူတွေက ထောက်ခံကြောင်း ပြသခဲ့တယ်လို့ မိုးကောင်းမြို့ခရီးစဉ်မှာ လိုက်ပါသွားတဲ့ နမ္မတီး အန်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ကိုမောင်ပွားက ပြောပါတယ်။

ဒီကနေ့ ညနေပိုင်းမှာတော့ ကြားဖြတ် ရွေးကောက်ပွဲမှာ မိုးကောင်းမြို့နယ်ကနေ ဝင်ပြိုင်မယ့် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ကြည်အတွက် မိုးကောင်းမြို့ ဘောလုံးအားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် စည်းရုံးဟောပြောခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်း ရန်ကုန်ကနေ မြစ်ကြီးနားမြို့ကို ထွက်ခွာဖို့ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမယ့် လေယာဉ်ဟာ နှင်းမြူတွေ ဆိုင်းနေတာကြောင့် သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ ပျံသန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒေသခံကချင်လူထုက ဒေါ်အောင်ဆန်းစုကြည် ရောက်လာမယ့်အချိန်ကို စောင့်ပြီး ကြိုဆိုခဲ့ကြတယ်လို့ နမ္မတီး အန်အယ်လ်ဒီ တာဝန်ရှိသူတွေက ပြောပါတယ်။ မနက်ဖြန် ဗန်းမော်မြို့ကို ဒေါ်အောင်ဆန်းစုကြည် ဆက်လက် ထွက်ခွာပါလိမ့်မယ်။

ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးမြို့လူထု စည်းဝေးပွဲအတွက် နေရာအခက်အခဲ ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ပတ်သက်ပြီး မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ခံကို မန္တလေးမြို့တော်ဝန်က ဒီကနေ့ ခေါ်ယူတွေ့ဆုံပြီး ကူညီ ဖြေရှင်းပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် ဟောပြောပွဲ ကျင်းပနိုင်ရေးအတွက် မန္တလေးမြို့တော်ဝန်ရဲ့ ညွှန်ကြားချက်နဲ့ သင့်တော်တဲ့ နေရာတွေကို မန္တလေး စည်ပင်သာယာ အရာရှိတစ်ဦးက အန်အယ်လ်ဒီ အဖွဲ့ဝင်တွေနဲ့အတူ ဒီကနေ့ လိုက်ပါ ရှာဖွေခဲ့ကြောင်းနဲ့ နေရာအခက်အခဲ ပြေလည်တော့မယ်လို့ ယူဆကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-23 13:09

ကူညီပေးတဲ့ပုံစံနဲ့တော့ နာမည်ကောင်းလာယူမနေကြပါနဲ့။