ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်းခရီးစဉ် အာဏာပိုင် အဟန့်အတားရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း မဲဆွယ်စည်းရုံးရေး ခရီးစဉ် အတွက် ရေယာဉ်ငှားရမ်းအသုံးပြုခွင့်ကို အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။

2012.03.20
assk-mandalay-campaign1-b305 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၂ မတ်လ ၃ ရက်နေ့က မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ပြုလုပ်သော ဟောပြောပွဲကို လာရောက်နားထောင်ကြသော ပရိသတ်များကို တွေ့ရစဉ်။
RFA

မတ်လ ၂၄ ရက်နေ့ နဲ့ ၂၅ ရက်နေ့မှာ မြိတ်မြို့ကို သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် ရှပ်ပြေးရေယာဉ်ကို မငှားရမ်းဖို့ ရေယာဉ်ပိုင်ရှင်ကို အာဏာပိုင်တွေက တားမြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

"ကျွန်တော်တို့ အရင်တခေါက် လာစီစဉ်တဲ့ အချိန်တုန်းက အမက အဲဒီ ကျွန်းစုတွေကို လှည့်သွားဖို့ပေါ့။ အချိန်ရနိုင်အောင်ဆိုပြီးတော့ ရှပ်ပြေးတစ်စီး စီစဉ်ခဲ့ပါတယ်။ တနာရီ ရေမိုင် ၂၅- ၃၀ သွားနိုင်တာပေါ့။ အဲဒါကို ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ အာဏာပိုင်တွေက မငှားရဘူးဆိုပြီးတော့ ဖိအားပေးတယ်။ အာဏာပိုင် အဟောင်းရော အခုအသစ် လက်ရှိရောပေါ့။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် တခြားအမြန်ရေယာဉ်တွေ နဲ့ စီစဉ်ဆောင်ရွက်နေပေမဲ့ အခက်အခဲတွေရှိနေကြောင်းလည်း ဦးခွန်သာမြင့်က ပြောပါတယ်။

"ကျွန်တော်တို့ မနေ့က နဲနဲ မြန်တဲ့ မော်တော်လေးပေါ့။ အမသွားမယ့် လမ်းကြောင်းအတိုင်း သွားတာပေါ့။ အမနေမယ့် အချိန်လောက် ရွာတွေမှာ နေပြီးတော့ ပြန်လာတာကို အဲဒါ ည ၁၀ နာရီလောက်မှ မြိတ်ကို ပြန်ရောက်တယ်။ အမကိုတော့ ည ၁၀ နာရီလောက်အထိ ပင်လယ်ကြီးထဲမှာ မထားနိုင်တော့ ကျွန်တော်တို့ အစွမ်းကုန်တော့ ရှပ်ပြေးရအောင် ကြိုးစားနေပါတယ်။ အဲဒါ လာလို့ မရအောင်၊ သွားလို့ မရအောင်ပေါ့၊ နောက်တခါ အန္တရာယ် များအောင်ပေါ့။"

မြိတ်အနောက်မြို့နယ်က လစ်လပ်တစ်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဟောပြောဖို့နေရာတွေ အတွက် ကျွန်းစုတွေ အတွင်းက ရွာကွင်းတွေမှာ စီစဉ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။