ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်စခန်း သွားရောက်ကြည့်ရှု့မယ်လို့ Bangkok Post ဖော်ပြ
2012.05.26
ထိုင်း-မြန်မာနယ်စပ်မှ ၈ ကီလိုမီတာအကွာတွင် ၁၉၈၄ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည်များ အတွက် ဖွင့်လှစ်ထားသော မယ်လ ဒုက္ခသည်စခန်း ကို တွေ့ရစဉ်။
အခုလို ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှု့ဖို့ ကေအင်န်ယူ ကရင်တိုင်းရင်းသား အစည်းအရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တယ်လို့ သတင်းစာက ရေးသားထားပါတယ်။
တကယ်လို့ ဒုက္ခသည်စခန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက် လေ့လာနိုင်မယ်ဆိုရင် တိုင်းရင်းသားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ပိုပြီးသိလာမှာ ဖြစ်တယ်လို့ ကေအင်န်ယူ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က RFA ကိုပြောပါတယ်။
ဘန်ကောက်ပို့စ် သတင်းစာမှာတော့ ကရင်ဒုက္ခသည်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်လိုကြတယ်လို့ ကေအင်န်ယူ အကြီးတန်းအရာရှိတစ်ဦး ပြောဆိုချက်ကို ကိုးကား ဖော်ပြထားပါတယ်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၃၀ ရက်နေ့ ကနေ ဇွန်လ ၁ ရက်နေ့အထိ တက်ရောက်မှာ ဖြစ်ပြီး၊ ဇွန်လ ၂ ရက်နေ့မှာ မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်းကို သွားရောက်မှာဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။









