၅၉-စ ကို ဆိုင်းငံ့ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်လို့ သူရဦးအောင်ကို မျှော်လင့်

ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်အောင် တားဆီးထားတဲ့ ပုဒ်မ ၅၉- စ ကို ယာယီဆိုင်းငံ့ပြီး ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်လာမယ်လို့ ရာနှုန်းပြည့် မျှော်လင့်တဲ့အကြောင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ဒီနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက်လာတဲ့ သူရဦးအောင်ကိုက သတင်းထောက်တွေကို အခုလို ပြောခဲ့တာပါ။ ပုဒ်မ ၅၉- စ ကို ပြင်ဆင်ဖို့ မဖြစ်နိုင်သေးပေမယ့်၊ လက်ရှိလွှတ်တော် ဒါမှမဟုတ် လာမယ့် လွှတ်တော်အသစ် စတင်ချိန်မှာ အဆိုတင်နိုင်ပြီး ဒီပုဒ်မကို ယာယီဆိုင်းငံ့ဖို့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ဦးအောင်ကိုက ပြောပါတယ်။

"ယခင်နိုင်ငံတော်အကြီးအကဲနဲ့လည်း တွေ့လိုက်တယ်၊ သူနဲ့တွေ့လိုက်ကတည်းက ပွဲကပြီးနေပါပြီ၊ နိုင်ငံရဲ့ အနာဂတ်ချောမွေ့ဖို့ ရာခိုင်နှုန်းအပြည့်နီးပါး သေချာသွားပြီ၊ အဲဒီ့အပေါ်မူတည်ပြီးတော့မှ သမ္မတကြီးတို့ တပ်ချုပ်တို့က ဆက်လှုပ်ရှားကြရမှာဖြစ်ပါတယ်၊ ၅၉-စ ကို ပြင်ဆင်တာမဟုတ်ဘူး ဆိုင်းငံ့တာ၊ ဆိုင်းငံ့မယ်ဆိုရင် ဒီလွှတ်တော် သို့မဟုတ် လာမယ့်လွှတ်တော်အသစ်မှာ ဒီဟာကိုတစ်ယောက်ကအဆိုတင် ဆိုင်းငံ့ဖို့အတွက်ကိုဆွေးနွေး မယ်၊ ပြီးရင်မဲခွဲမယ်၊ ထက်ဝက်ကျော်ထောက်ခံမဲရရင် ဆိုင်းငံ့တာအတည်ဖြစ်သွားမယ်"

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးပုဒ်မဖြစ်တဲ့ “ပုဒ်မ ၄၃၆” တစ်ခုလုံးကို ဆိုင်းငံလို့ မရပေမယ့် “သမ္မတအရည်အချင်း သတ်မှတ်ချက်တွေထဲက ပုဒ်မ ၅၉-စ ကို ယာယီဆိုင်းငံ့လို့ ရတဲ့အကြောင်း သူရ ဦးအောင်ကိုက ပြောဆိုသွားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်တွေထဲက ပုဒ်မ ၅၉ (စ) ကို ယာယီဆိုင်းငံ့လို့ရပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပုဒ်မဖြစ်တဲ့ ပုဒ်မ ၄၃၆ တစ်ခုလုံးကို ဆိုင်းငံ့လို့ မရကြောင်း သူရ ဦးအောင်ကိုက ပြောပါတယ်။