ကလေးစစ်သားဟောင်းအမှု ရဲအုပ်ကို စစ်ဆေး


2018.06.14
dawlaylay-622.jpg ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို လိုက်ပါဝန်းရံခဲ့ပြီး တရားရုံးကို ဆန္ဒပြခဲ့ကြတဲ့ ဒေါ်လေးလေး (ခေါ်) ဒေါ်စန်းစန်းဦးကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Aung Thain Kha/RFA

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို စွဲချက်တင်လိုက်တဲ့အတွက် တရားရုံးကို ဆန္ဒပြခဲ့ကြတဲ့ ဒေါ်လေးလေး(ခေါ်) ဒေါ်စန်းစန်းဦးနဲ့ ကိုနောင်နောင်တို့ကို ဒီကနေ့တရားရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ တစ်ဦးဖြစ်တဲ့ ရဲအုပ်ကျော်ကျော်ဝင်းကို စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ စစ်ဆေးရာမှာ အရင်တရားရုံးမှာ စစ်ဆေးခဲ့တဲ့ တရားလိုဖြစ်သူ ရဲမှူးမောင်မောင် ဖြေဆိုမှုတွေနဲ့ ဒီနေ့ ဖြေဆိုသူ ရဲအုပ်ကျော်ကျော်ဝင်း ထွက်ဆိုချက်တွေ ကွဲလွဲနေကြောင်း ဒေါ်လေးလေးတို့ကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဦးဇေယျာအောင်က ပြောပါတယ်။

"အခုသူ့ကို စစ်ဆေးတဲ့အခါမှာ ဘာတွေကွာဟချက်ရှိသလဲဆိုတော့ သူတို့ရဲ့ ဆန္ဒထုတ်ဖော်မှုကို တင်ပြထားတဲ့ စာအရထွက်ဆိုထားတယ်၊ အဲဒီထွက်ဆိုချက်တွေကိုပဲ ဆန္ဒထုတ်ဖော်သူတွေရဲ့ ပြောဆိုချက် ကြွေးကြော်သံတွေ ကိုပဲ သူကအဓိကအားပေးပြီး ထွက်ဆိုသွားတာပေါ့၊ ရဲအုပ်အနေနဲ့တော့ ရဲမှူး မောင်မောင်ရဲ့ တရားလိုရဲ့ တိုင်စာအရသော်လည်းကောင်း ထွက်ချက်အရသော်လည်းကောင်း ဒီနေ့ ဒီရဲထွက်ချက်နဲ့ကတော့ များစွာတော့ ကွဲလွဲမှုတွေရှိတယ်ပေါ့၊ ဟိုကတော့ တကယ့်အခင်းဖြစ်ရပ်မှာ ရှိတဲ့ဟာတွေ ရဲမှူးမောင်မောင် ထွက်တာကတော့ တိုင်စာအရသော်လည်းကောင်း သူ့ကို အင်ဖော်မေးရှင်းပေးတဲ့ပေါ်တွေ မူတည်ပြီးတော့ ထွက်ဆိုတာပေါ့"

ဒေါ်လေးလေး(ခေါ်)ဒေါ်စန်းစန်းဦးနဲ့ ကိုနောင်နောင်တို့ဟာ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို လိုက်ပါဝန်းရံခဲ့ပြီး တရားရုံးကို ဆန္ဒပြခဲ့ကြတဲ့အတွက် ဒဂုံဆိပ်ကမ်းမြို့နယ် ရဲမှူး မောင်မောင်က တရားလိုပြုပြီး ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးမှာ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)နဲ့ ပုဒ်မ ၁၃၅ တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ကိုနောင်နောင်နဲ့ ဒေါ်လေးလေးတို့ကို အမှန်တကယ်စွဲဆိုရမှာဟာ ငြိမ်းစုစီဥပဒေ ပုဒ်မနဲ့သာစွဲဆိုရမှာဖြစ်ကြောင်း ပြောပါတယ်။

ဒီနေ့ တရားရုံးထုတ်မှာ ဒေါ်လေးလေးတို့ အနေနဲ့ တရားစီရင်ရေးကို ဖြောင့်မတ်မှန်ကန်စွာ စစ်ဆေးဖို့ စတဲ့အချက်တွေကို တောင်းဆိုသွားသလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှုတ်ထွက်ပေးဖို့ တောင်းဆိုသွား ပါတယ်။

ဒေါ်လေးလေးတို့ နှစ်ဦးအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၆ ဦးကိုလည်း နိုင်ငံတော် အကြည်အညိုပျက်စေမှု ဆူပူမှုတွေနဲ့ တရားစွဲဆိုထားပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။

လက်ရှိအချိန်မှာ ကိုအောင်ကိုထွေးကို ပုဒ်မ ၅ဝ၅ (ခ)၊ ပုဒ်မ ၂၂၈ အပြင် ပုဒ်မ ၇ နဲ့ တရားစွဲထားပြီး အစ်မဖြစ်သူ အပါအဝင် ၆ ဦးကိုလည်း တရားစွဲဆိုထားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။