အကြမ်းဖက်အဖွဲ့ကို ထောက်ပံ့တဲ့ လုပ်ငန်းရှင်ကို ဖမ်းဆီး


2018.03.02
aungzawwin-622.jpg ဖမ်းဆီးခံရတဲ့ ဦးအောင်ဇော်ဝင်း (ခ)ဇော်ကိရ်အာမက် ကို တွေ့ရစဉ်
ဓါတ်ပုံ - ရဲဇာနည် ဖေ့ဘွတ်

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်သူတွေကို ထောက်ပံ့ ကူညီပေးခဲ့တဲ့ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီဥက္ကဌ ဦးအောင်ဇော်ဝင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက လွှဲပြောင်းပေးတဲ့ အကြမ်းဖက်အဖွဲ့ဝင်နှစ်ဦးကို စစ်ဆေးပြီးရရှိခဲ့တဲ့ ထွက်ဆိုချက်တွေအရ  ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌကို ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးခဲ့တာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ်ဘက်က ဖမ်းပြီးတော့ လွှဲပြောင်းပေးတဲ့ တရားခံနှစ်ယောက်ရှိတယ်။ တရားခံနှစ်ယောက်ကို တရားရုံးမှာ ရုံးတင်တယ်။ စစ်ဆေးတယ်။ စစ်ဆေးတဲ့အချိန်မှာ ရန်ကုန် ကနေပြီးတော့ အောင်ဇော်ဝင်း ဒီလို ထောက်ပံ့ကူညီမှုတွေ လုပ်တယ်ဆိုတဲ့ ထွက်ဆိုချက်တွေရတယ်။ ရတဲ့အခါကျတော့ မောင်တောခရိုင်တရားရုံးကနေ ဖမ်းဝရမ်းထုတ်တယ်။ ဖမ်းတဲ့အချိန်မှာ ထွက်ပြေး တယ်။ ထွက်ပြေးတော့ မမိဘူး တရားခံပြေးဖြစ်နေတယ်။ တရားခံပြေးဖြစ်နေတာကို အဲ့ ၂၈ ရက်နေ့မှာ လေဆိပ်မှာမိတယ်။ ဘန်ကောက်ကို ထွက်ဖို့ လုပ်တာမိတယ်။ မိတော့ဖမ်းတယ်။"

ဦးအောင်ဇော်ဝင်းကို လက်ရှိမှာ စစ်ဆေးနေဆဲဖြစ်ပြီး တရားရုံးတင်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက် မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အကြမ်းဖက်အဖွဲ့ဝင်တွေကို ဘယ်လိုပုံစံ ထောက်ပံ့ကူညီပေးခဲ့သလဲဆိုတာတွေနဲ့ ပတ်သက်ပြီး တရားရုံးဘက် က စစ်ဆေးတဲ့အခါ သိရှိရမှာဖြစ်ကြောင်းနဲ့ အခြားလုံခြုံရေးကိစ္စတွေရှိတာကြောင့် အပြည့်အစုံ ပြောကြားနိုင်ခြင်း မရှိဘူးလို့ ဦးဇော်ဌေး ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က မောင်တောမြို့နယ်အတွင်းက ကျီးကန်းပြင်၊ ငါးခူးရနဲ့ ရသေ့တောင်မြို့နယ်အတွင်းက ကိုးတန်ကောက် နယ်ခြားစောင့်ရဲကင်းစခန်းတွေကို အကြမ်းဖက်အဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။