မြန်မာတိုင်းမ်ထုတ်ဝေသူ သြစတြေးလျလူမျိုး ဒန်ကလေကို ရုံးထုတ်

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကတည်းက အင်းစိန်ထောင်မှာ ထိန်းသိမ်း ခံထားရတဲ့ မြန်မာတိုင်းမ် ဂျာနယ် ထုတ်ဝေသူ သြစတြေးလျ နိုင်ငံသား ရော့စ် ဒန်ကလေကို အင်းစိန်ထောင်တွင်း ကမာရွတ်မြို့နယ် အထူးတရားရုံးမှာ ဖေဖော်ဝါရီ ၂၄ ရက် ဒီကနေ့ ပထမဦးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

2011.02.24
ross_dunkley_myanmar_times_court_305_z.png မြန်မာတိုင်းမ် ဂျာနယ်ကို ထုတ်ဝေနေသူ သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ (အလယ်) ကို ဖေဖော်ဝါရီ ၂၄ ရက်က ရဲများ ခြံရံပြီး အင်းစိန်ထောင်ဝင်းအတွင်းရှိ ကမာရွတ်မြို့နယ် တရားရုံးသို့ အမှုစစ်ဆေးရန် ထုတ်လာပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီကနေ့ တရားရုံးမှာ မစ္စတာ ဒန်ကလေကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဖောက်ဖျက်မှု၊ မြန်မာအမျိုးသမီးတဦးကို မူးယစ်ဆေးဝါး တိုက်ကျွေးမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ စွဲချက်တင် စစ်ဆေးခဲ့ပြီး သူ့ကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ တရားရုံးက ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။

မစ္စတာ ဒန်ကလေဟာ မကြာခင် ပြစ်ဒဏ် ချမှတ်ခံရပြီးတဲ့နောက် ပြည်နှင်ဒဏ် ပေးခံရဖွယ် ရှိတယ်လို့ အမည်မဖော်လိုတဲ့ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိ တဦးက ပြောပါတယ်။

ကမ္ဘာဒီးယားနိုင်ငံက မစ္စတာ ဒန်ကလေရဲ့ စီးပွားဖက်မိတ်ဆွေ David Armstrong ဆိုသူကတော့ မစ္စတာ ဒန်ကလေဟာ မြန်မာတိုင်းမ်ဂျာနယ် ပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြနာအကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရတာလို့ ပြောပါတယ်။

မစ္စတာ ဒန်ကလေ ထိန်းသိမ်းခံရပြီးတဲ့နောက် စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ ရင်းနှီးသူလို့ လူသိများတဲ့ ဒေါက်တာ တင်ထွန်းဦးဟာ မစ္စတာ ဒန်ကလေ တာဝန်ယူခဲ့တဲ့ မြန်မာတိုင်းမ်ဂျာနယ်မှာ အမှုဆောင် အရာရှိချုပ် ဖြစ်လာခဲ့ပါတယ်။

တရားရုံးက မစ္စတာ ဒန်ကလေအမှုအတွက် နောက်ထပ် ရုံးချိန်းကို မတ်လ ၃ ရက်နေ့မှာ ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။