နည်းဥပဒေ မထွက်သေးတာကြောင့် ဆန္ဒပြခွင့်မရ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ လျှပ်စစ်မီးများ မကြာခဏ ပျက်နေတာကြောင့် ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒထုတ်ဖော် ပြသဖို့အတွက် သက်ဆိုင်ရာဥပဒေနဲ့ အညီ ပြည်မြို့ဒေသခံတွေက လိုအပ်သော အချက်အလက်များ အပြည့်အစုံဖော်ပြပြီး အခွင့်တောင်းခံတာကို အာဏာပိုင်တွေက နည်းဥပဒေများ ထုတ်ပြန်ထားခြင်း မရှိသေးလို့ဆိုပြီး လျှောက်လွှာကို ပလပ်လိုက်တယ်လို့သိရပါတယ်။

2012.04.08

မီးပြတ်တောက်မှုတွေ ပြည်မြို့မှာ နေ့စဉ် ဖြစ်ပေါ်နေတဲ့အတွက် ရွှေလက်လှရပ်ကွက်နေ ဦးကျော်ဆွေ၊ ဝါးရုံရပ်ကွက်နေ ဦးဝင်းလှိုင်နဲ့ နဝင်းမြောက်ပိုင်းရပ်ကွက်နေ ဦးကျော်ကျော်ဦးတို့ သုံးဦးက ဆန္ဒပြလိုသူ ပြည်သူတွေကိုယ်စား မြိုနယ်ရဲတပ်ဖွဲ့မှူးထံ ဧပြီလ ၅ ရက်နေ့က ဆန္ဒပြခွင့် လျှောက်လွှာတင်ခဲ့တာပါ။ သူတို့ရဲ့လျှောက်ထားချက်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက နောက်တစ်နေ့မှာ ခေါ်တွေ့တဲ့အကြောင်း ဦးကျော်ဆွေက-

" ခရိုင်ရဲမှူး ပါတယ်။ မြို့နယ်ရဲမှူး ပါတယ်။ မယက ဥက္ကဋ္ဌ ကိုအောင်ဇော်ထက် ပါတယ်။ လူဝင်မှုကြီးကြပ်ရေးက ပါတယ်။ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးအောင်ဇော်ထိုက် ပါတယ်။ နောက် ရယက အုပ်ချုပ်ရေးမှူးတွေပါတယ်။ ခေါ်တွေ့ပြီးတော့ ကျွန်တော်တို့ တင်ပြတဲ့စာက စီတန်းလှည့်လည်ခွင့်အရ မှန်ကန်ပါတယ်တဲ့။ ဒါပေမဲ့ အဲဒီ ဥပဒေထဲမှာပါတဲ့ ပုဒ်မ ၂၄ အရ နည်းဥပဒေ မထွက်သေးတဲ့အတွက် ခွင့်ပြုလို့လည်း မရသလို ငြင်းပယ်လို့လည်း မရဘူးပေါ့လေ။ အဲတာကြောင့် ပြည်ထဲရေး ဝန်ကြီးဌာနကနေပြီးတော့ ဒီဥပဒေ ထုတ်ပြန်ပြီးမှသာ ဆန္ဒပြခွင့် ပေးနိုင်မယ်လို့ ကျွန်တော်တို့ကို ပြောလိုက်ပါတယ်" လို့ ပြောပြပါတယ်။

နည်းဥပဒေထွက်မှ ဆန္ဒပြလို့ ရမယ်ဆိုရင် နည်းဥပဒေတွေဟာ ဘယ်တော့ ပြဋ္ဌာန်းဖို့ ရှိပါသလဲလို့ မေးမြန်းတဲ့ အခါမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ထံ သွားမေးပါလို့ အာဏာပိုင်တွေက ညွှန်ကြားတယ်လို့ သိရပါတယ်။

ပြည်မြို့မှာ လျှပ်စစ်မီး နေ့စဉ်ရက်ဆက် ပြတ်တောက်လျက်ရှိရာမှာ ဘယ်အချိန်လာပြီး ဘယ်အချိန်ဖြတ်မယ် ဆိုတာကိုလည်း ကြိုတင်အသိပေးခြင်း မရှိတဲ့အတွက် အချိန်ကုန်လူပန်း ဖြစ်ရကြောင်းလည်း မြို့ခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။