သာပေါင်းမြို့နယ်မှာ ကျေးရွာအတော်များများ ရေနစ်မြုပ်


2017.07.27
thabaung-flood-622.jpg ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်မှာ ငဝန်မြစ်ရေမြင့်တက်နေတာကို ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo:Ko Aung Aung Oo (facebook)

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်မှာ ငဝန်မြစ်ရေမြင့်တက်နေတဲ့အတွက် မြို့နယ်အတွင်းက ကျေးရွာ အုပ်စုပေါင်း ၆ဝ လောက် ရေနစ်မြုပ်နေပါတယ်။

ရေဘေးဒဏ်ခံနေရသူတွေကို ကူညီဖို့အတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ သာပေါင်းမြို့နယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါ က ပြောပါတယ်။

"သဘာဝဘေးကြိုတင်ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ထားပြီးတော့ ရုံးလည်းဖွင့်ထားပြီရှင့်။ အဲဒီမှာတော့ လိုအပ်တဲ့ အချက်အလက်တွေကို အချိန်နဲ့တပြေးညီတင်ပေးဖို့နဲ့ ရုံးထိုင်ပြီးတော့ပေါ့နော်၊ လူကယ်ပြန်ဌာနတို့နဲ့လည်း ချိတ်ဆက်ထားပါတယ်။ တခြား NGO၊ CSO အဖွဲ့တွေနဲ့လည်း စုပေါင်းပြီး သဘာဝဘေးအန္တရာယ်ရုံးခန်းလည်း ဖွင့်ထားပြီးပြီ။ ကျောင်းတွေလည်း မြုပ်ကုန်ပြီ။ မမြုပ်သေးတဲ့ ကျောင်းတွေဆိုရင်လည်း ကလေးတွေက စက်လှေတွေနဲ့ လာရတာဆိုတော့ အန္တရာယ်ရှိတဲ့ အခြေအနေမျိုးဆိုရင် အခြေအနေကြည့်ပြီး ပိတ်ကြတာပေါ့"

ရေဘေးဒဏ်ခံနေရတဲ့ လူဦးရေစာရင်းကတော့ ကောက်ယူနေဆဲဖြစ်တဲ့အတွက် အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်ဟာ ကျေးရွာအုပ်စုပေါင်း ၇ဝ ရှိပြီး မြေနိမ့်ပိုင်းဖြစ်တာကြောင့် နှစ် စဉ်ရေမြုပ်လေ့ရှိကြောင်းနဲ့ လက်ရှိအချိန်မှာလည်း စာသင်ကျောင်းအချို့ကို ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

မနှစ်က ခုလို မိုးတွင်းကာလတုန်းကလည်း ကာလရှည် ရေကြီးခဲ့တဲ့အတွက် လယ်တွေပျက်စီးသလို ဒေသခံတွေ သွားလာရေးအတွက် အခက်အခဲကြုံခဲ့ရတယ်လို့ သိရပါတယ်။

အခုလအတွင်း ရေကြီးရေလျှံမှုတွေကြောင့် ပြည်နယ်နဲ့ တိုင်း ၉ ခုမှာ ရေဘေးဒဏ်ခံခဲ့ရပြီး လူပေါင်း ၂ သိန်း ၄ သောင်းကျော် ရေဘေးဒဏ်ခံနေရတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။