သမဂ္ဂဝင် ကျောင်းသားတွေ ပုဒ်မ (၁၈) နဲ့ အမှုဖွင့်ခံရပြန်


2016.01.27
popo-620.JPG ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသူတစ်ဦးဖြစ်သူ မပိုပို ကိုတွေ့ရစဉ်
Photo: RFA

သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ် အပါအဝင် အရှေ့ပိုင်းခရိုင်သမဂ္ဂဝင် ကျောင်းသား ၁ဝ ယောက်ကို ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှု ပုဒ်မ (၁၈) နဲ့ သံလျင်မြို့မရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။

အစိုးရရေးဆွဲထားတဲ့ ပညာရေးဥပဒေမူကြမ်းကို ၂ဝ၁၄ ခုနှစ် သြဂုတ်လက ကန့်ကွက်ဆန္ဒပြတဲ့ အတွက် အမှုဖွင့်ခံရကြောင်း၊ ဒီအမှုအတွက် တရားရုံးလာဖို့ ဆင့်ခေါ်စာကို အခုလ ၂၆ ရက်နေ့ ရက်စွဲနဲ့ လက်ခံရရှိခဲ့ကြောင်း အမှုဖွင့်ခံရသူထဲမှာ ပါဝင်တဲ့ မပိုပို (ခေါ်) မရတနာဆုပိုခိုင် က RFA ကိုပြောပါတယ်။

"ကျမတို့ သန်လျင်မှာ ၂၈ ရက် ၈ လပိုင်း ၂ဝ၁၄ တုန်းက ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ရှေ့မှာ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြတယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ၁၈ ပုဒ်မတပ်တာရှင့်"

အမှုဖွင့်ခံသူတွေထဲမှာ ကိုမင်းသွေးသစ်၊ မပိုပိုနဲ့ သူ့ရဲ့အစ်မဖြစ်သူ မမြင့်မြင့်ခိုင် (ခေါ်) မအိပုံ၊ ကိုရဲမင်းဦးတို့ ပါဝင်တယ်လို့ ပြောပါတယ်။  မပိုပိုဟာ အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသားသပိတ်မှာ ပါဝင်တဲ့အတွက် ဆူပူအောင်လှုံ့ဆော်မှု အပါအဝင် ပုဒ်မ (၅) ခုနဲ့ တရားစွဲခံထားရလို့ အာမခံနဲ့ နေထိုင်ရ တဲ့ ကျောင်းသူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။