ဗန်းမော် - မြစ်ကြီးနား ရေကြောင်းလမ်း ဖွင့်ပေးဖို့ ဒေသခံများတင်ပြ

ကချင်ပြည်နယ်အတွင်း အစိုးရနဲ့ KIO တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဗန်းမော် နဲ့ မြစ်ကြီးနား ကိုသွားတဲ့ ကားလမ်းကြောင်းတွေ ပြတ်တောက်နေတာ ကြာပြီဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ ရေကြောင်းကနေ တရားဝင်သွားလာခွင့်ရဖို့ ရေကြောင်းဦးစီးဌာန အပြင် ဒေသဆိုင်ရာ အာဏာပိုင်တွေကို တင်ပြထား တယ်လို့ သိရပါတယ်။

2013.01.26

နှစ်ဖက်တိုက်ပွဲတွေကြောင့် မြစ်ကြီးနားနဲ့ ဗန်းမော်ကို ကူးသန်းသွားလာနေတဲ့ ကားလမ်းတွေ ပိတ်နေတာ အခုဆိုရင် တစ်နှစ်ခွဲကျော်နေပြီ ဆိုတဲ့အကြောင်းကို ဒေသခံ တစ်ယောက်က RFA ကို အခုလို ပြောပါတယ်။

"ကုန်းလမ်းတွေအားလုံးက ပိတ်ထားတယ်၊ မြစ်ကြီးနားနဲ့ ဗန်းမော်ကားလမ်းလဲ နမ့်ဆန်ယန်ဘက်က သွားတဲ့လမ်းဆိုလဲ ပိတ်ထားတယ်။ ကသာဘက်ကပတ်မယ်ဆိုလဲ ရထားလမ်းက မိုင်းတဂျိန်းဂျိန်းနဲ့ လမ်းတွေဘာတွေ တံတားတွေ ဘာတွေချိုးဆိုတာနဲ့ဆိုတော့ အခုနမ့်ဆန်ယန်ရဲ့ ဒီဘက်မလိချောင်းတံတားတွေကအစ ကူးတဲ့တံတားတွေက အကုန်လုံးကားတွေက သွားလို့မရတော့ဘူး"

ဗန်းမော်နဲ့ မြစ်ကြီးနားဟာ ရေလမ်းခရီး မိုင် ၁၂၀ လောက်ရှိပြီး ယခုအခါ တစ်ရက်ကို လှေအသေးတစီးသာ သွားလို့ရနေတာကြောင့် ဒေသခံတွေအနေနဲ့ တစ်မြို့နဲ့တစ်မြို့ကြား ကူးသန်းသွားလာရာမှာ အဆင်မပြေမှုတွေရှိနေတဲ့အပြင်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသကို သွားတဲ့ကားလမ်းတွေလဲ တိုက်ပွဲတွေကြောင့် ဖွင့်လိုက်ပိတ်လိုက်နဲ့ အခုအချိန်အထိ တသမတ်တည်းသွားလာလို့ မရသေးဘူးလို့ သိရပါတယ်။

ဧရာဝတီမြစ်ကို အသုံးပြုနေတဲ့ ရေကြောင်းလမ်းကို မနှစ်က ဇူလိုင်လမှာ ဗန်းမော်မြို့မှာ စက်လှေတိမ်းမှောက်မှုကြောင့် ခရီးသည်အများအပြား သေဆုံးသွားပြီးတဲ့နောက်မှာ ပိတ်လိုက်တာ ယခုအချိန်အထိ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။