အာဆာတပ်ဖွဲ့ဝင် အများအပြား ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ ဖမ်းဆီးထား


2018.04.19
rohingya-refugees-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတစ်ခုမှာ မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံနဲ့နယ်စပ် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်နားမှာ ARSA- ရခိုင်- ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူ တယောက်က BenarNews သတင်းဌာနကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဖမ်းဆီးမိတဲ့ ARSA အဖွဲ့ဝင်တွေထဲ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို ပစ်ခတ်တဲ့လူတွေလည်း ပါဝင်တယ်လို့ အစိုးရ တာဝန်ရှိသူက ပြောပေမဲ့ ဘင်္ဂလားဒေ့ရှ်မြေမှာ ရိုဟင်ဂျာသူပုန်ဘယ်နှစ်ဦး ဖမ်းဆီးမိထားသလဲဆိုတာကိုတော့ တိတိကျကျ ပြောဖို့ငြင်းဆန်ပါတယ်။

မြန်မာနိုင်ငံကနေ ကော့ဆက်ဘဇားခရိုင်မှာ ခိုလှုံနေတဲ့ လူတပုံတပင်ကြီးတွေထဲ ARSA သူပုန်တွေ စိမ့်ဝင်ပြီး ထိုးဖောက်ရောက် နေ၊ မနေ ခြေရာခံဖို့ ဘင်္ဂလားဒေ့ရှ်က ကြိုးစားတဲ့အကြောင်း အမည်မဖော်လိုတဲ့ အစိုးရပိုင်းနဲ့ အထက်တန်းရဲအရာရှိတယောက် ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြီးဆုံး ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင်တယောက်ကလည်း ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း ARSA အဖွဲ့ဝင်လို့ မသင်္ကာရသူ ၁၅ ယောက်ကို သူ့အဖွဲ့က ဖမ်းဆီးမိပြီး ရဲလက် လွှဲအပ်လိုက်တယ်လို့ ပြောပါတယ်။ နောက်ရိုဟင်ဂျာတဦးကတော့ ဒီလ ၉ ရက်နေ့ကပဲ Kutupalong ဒုက္ခသည် စခန်းမှာ စက်သေနတ်ငယ်နဲ့ ခဲယမ်းသယ်ဆောင်လာတဲ့ ၂၆ နှစ်ရွယ် အာဆာ အဖွဲ့ဝင်တယောက်ကို ရဲက ဖမ်းဆီးလိုက်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် Md. Shahed ဆိုသူကို ရဲက အပြင်းအထန်စစ်ဆေးနေတယ်လို့ ဒီအမှုအတွက် တာဝန်ပေးထားခံရတဲ့ ရဲအရာရှိ Abul Khair က ပြောပါတယ်။ YouTube မှာတင်ထားတဲ့ သူနဲ့တခြားအမျိုးသားတွေ ARSA စစ်သင်တန်းတက်နေတဲ့ ဗွီဒီယိုမှတ်တမ်းအကြောင်းလည်း စစ်ဆေးစုံစမ်းနေတယ်လို့ ပြောပါတယ်။ သူဟာ သာမန်ရာဇဝတ်သားတယောက်တော့ မဟုတ်ဘဲ ARSA ကလား ဒါမှမဟုတ် တခြားအဖွဲ့ကလားဆိုတာတော့ မသိပါဘူးလို့ ရဲအရာရှိက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်နဲ့ရဲစခန်းတွေ မနှစ်က သြဂုတ်လမှာ တချိန်တည်း တိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံးရတဲ့ အမှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရက ARSA အကြမ်းဖက်အဖွဲ့လက်ချက်လို့ အပြစ်တင်ပါတယ်။
ဒီနောက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကြမ်းကြမ်းတမ်းတမ်းဖြိုခွင်းလို့ ရိုဟင်ဂျာ ၆၈၇၀၀၀ ထက်မနည်း ထွက်ပြေးရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ လှိမ့်ဝင်လာတဲ့ ဒုက္ခသည်တွေ ခုဖမ်းဆီးမိသူတွေ ပါလာတာလို့ အစိုးရတာဝန်ရှိသူက ပြောပါတယ်။ ဒါပေမဲ့ ဒီလူတွေကို မြန်မာနိုင်ငံကို မလွှဲအပ်ဘူးလို့ သူကပြောပါတယ်။ လွှဲအပ်လိုက်ရင် ရိုးရိုး ဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်ဖို့ စိုးရိမ်သွားကြမှာဖြစ်ပြီး ဒုက္ခသည်ပြန်ပို့ရေး အစီစဉ်တခုလုံး ထိခိုက်နိုင်တယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံကို အန္တရာယ်ပေးမယ့် ARSA ဖြစ်ဖြစ်၊ တခြားစစ်သွေးကြွအဖွဲ့ဖြစ်ဖြစ် ကျွန်တော်တို့ ခွင့်မပြုဘူးလို့ အဲဒီအရာရှိနဲ့ ကောက်ဆက်ဘဇားနယ်စပ်မှာ အခြေစိုက်တဲ့ အကြီးတန်းရဲအရာရှိက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။