ဘင်္ဂလားဒေ့ရှ်လှေစီးဒုက္ခသည် ၃၇ ဦးကို လွှဲပြောင်းပေး


2015.06.19
bangladesh-refugees-200-620 ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းဒုက္ခသည်များကို မေလ ၂၃ ရက်နေ့က အလယ်သံကျော်ကျေးရွာမှာ တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ယာယီကယ်တင်ထားတဲ့ လှေစီးဒုက္ခသည် ၂ဝဝ ထဲက နောက်ထပ်ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၃၇ ဦးကို ဒီနေ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထံ လွှဲပြောင်းပေးလိုက်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

ကျန်တဲ့ လှေစီးဒုက္ခသည်တွေကို ဆက်လက်စိစစ်ပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံက သူတို့နိုင်ငံသားဖြစ်ကြောင်း အတည်ပြု လာရင် ထပ်မံလွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။

"၁၁ နာရီ ၁၅ မှာလွှဲတယ်၊ ဟိုဘက်က လက်ခံတဲ့ဟာက ဘီဂျီဘီ တပ်ရင်း ၁၇ က ဒုတပ်ရင်းမှူး အမ်မရာ၊ ကျနော်တို့ ၁၁ နာရီ ၁၅ ကလွှဲပြီးသွားပြီ ၃၇ ယောက် ကျန်တဲ့လူတွေ၊ အခုလိုပဲ စိစစ်နေတာပေါ့ ကျနော်တို့ဆီ ကတော့ပြီးသွားပြီ စာရင်းဇယားပြုစုပြီးတော့ ဘင်္ဂလားဒေရှ့်ကိုပို့ထားတယ်"

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က မောင်တောမြို့နယ် မြန်မာရေပိုင်နက်အတွင်းမှာတွေ့ရှိတဲ့ လှေစီးဒုက္ခသည် ၂ဝဝ ထဲက ၁၅ဝ ကို ဇွန်လ ၈ ရက်နေ့က ဘင်္ဂလားဒေ့ရ်ှနိုင်ငံထံ လွှဲပြောင်းပေးခဲ့ပြီး ဒီနေ့ ဒုတိယအကြိမ် ၃၇ ဦးကို ထပ်မံလွှဲပြောင်းပေးတာဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိယအသုတ်အဖြစ် မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းက ဖမ်းဆီးရမိထားတဲ့ လူ ၇ဝဝ ကျော်ထဲက ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား လူ ၅၄ဝ ကျော်စာရင်းကိုလည်း ဘင်္ဂလားဒေ့ရ်ှဘက်ကို ပေးပို့ထားပါတယ်။

အဲ့ဒီ လှေစီးဒုက္ခသည်တွေထဲမှာ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား စတဲ့မြို့နယ်တွေက မြို့ခံ ၅ဝ ကျော်ပါပြီး အဲ့ဒီလူတွေကို အငူမော်ဆိပ်ကမ်းကနေတစ်ဆင့် သူတို့ရဲ့မူလနေရာအသီးသီးကို မနက်ဖြန် ပို့ဆောင်မယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။