ရိုဟင်ဂျာ ပြဿနာ မြန်မာတာဝန်ယူဖို့ ဘင်္ဂလားဒေ့ရှ်ပြောကြား
2018.09.20
ရိုဟင်ဂျာပြဿနာဟာ မြန်မာနိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး၊ ဒီပြဿနာ ဖြေရှင်းရေးဟာလည်း မြန်မာနိုင်ငံအတွင်းမှာပဲ ရှိနေတာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီက မနေ့က ပြောလိုက်ပါတယ်။
ဒါကာမြို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့တဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရေး အစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲအပြီး ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ရခိုင်ပြည်နယ် ဒုက္ခသည် ပြဿနာ ဖြေရှင်းရေးဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မတီကော်မရှင် အစီရင်ခံစာမှာ ပါရှိပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ တက်ရောက်မှာဖြစ်ပြီး၊ ရိုဟင်ဂျာ ပြဿနာကို အထူးအလေးပေးပြောကြားမယ်လို့ ဆိုပါတယ်။
ဒါ့ပြင် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီက မြန်မာနဲ့ အရင်က ဖြစ်ပွားခဲ့တဲ့ လေပိုင်နက်ကျူးကျော်မှု၊ စစ်တပ်တွေချထားမှု၊ မြေမြှုပ်မိုင်းတွေ ချထားမှုကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း - ဒီဖြစ်ရပ်တွေက နှစ်နိုင်ငံကြား တင်းမာစရာတွေ ဖြစ်စရာရှိပေမဲ့၊ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အေးအေးဆေးဆေးပဲရှိခဲ့ပါတယ်၊ အခုလည်း ရိုဟင်ဂျာဒုက္ခသည် ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက်ဖြေရှင်းသွားမှာပါလို့ ပြောဆိုခဲ့ပါတယ်။ ဒုက္ခသည်ပြန်ပို့ရေးကိစ္စ မြန်မာနဲ့ သဘောတူလက်မှတ်ရေးထိုးထားတဲ့အတိုင်း ဆောင်ရွက် နေကြောင်းလည်း ပြောပါတယ်။
မြန်မာအပေါ် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်လို့လည်း ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒီလိုတောင်းဆိုတာမျိုး မလုပ်နိုင်သေးကြောင်း၊ ဒါဟာ ကမ္ဘာလုံးဆိုင်ရာကိစ္စ ဖြစ်နေကြောင်း ပြောပါတယ်။