မြန်မာနယ်စပ် လုံခြုံရေးတိုးမြှင့်မှု ဘင်္ဂလားဒေ့ရှ်ကန့်ကွက်

2020-09-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

နှစ်နိုင်ငံနယ်စပ်မှာ မြန်မာ့တပ်မတော်က လုံခြုံရေး တိုးမြှင့်ချထားတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်ပါတယ်။

နယ်စပ်ဒေသမှာ မြန်မာဘက်က သာမန်ထက်ပိုတဲ့ စစ်ရေးလှုပ်ရှားမှု ရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက သံအမတ်ကြီး ဦးအောင်ကျော်မိုးကို ခေါ်ပြီး ကန့်ကွက် သတိပေးခဲ့တယ်လို့ စက်တင်ဘာ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ကတည်းက နယ်စပ်ဒေသ နေရာအများအပြားနဲ့ အရပ်ဘက်ရေယာဉ်တွေပေါ်မှာ  မြန်မာဘက်က တပ်အင်အား တစ်ထောင်လောက် တိုးချဲ့ချထားတယ်လို့ ဘင်္ဂလားဒေ့ရ်ှ နယ်ခြားစောင့်တပ်နဲ့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဌာန အရာရှိတွေက BenarNews သတင်းဌာနကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က စွပ်စွဲသလို ငါးဖမ်းရေယာဉ်တွေပေါ်မှာ တပ်မတော်သားတွေ တင်တယ်ဆိုတာ မဟုတ်ဘဲ သတင်းတွေအရ မြန်မာနိုင်ငံရဲ့ နယ်မြေအတွင်း လိုအပ်ချက်ရှိလို့ လုံခြုံရေး ဆောင်ရွက်တာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံ့ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုကလည်း မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရ်ှဘက်က ခေါ်ယူ ကန့်ကွက်တာနဲ့ ပတ်သက်လို့ သတင်းရရှိထားပြီး ဆောင်ရွက်သင့်တာတွေကို ဆက်လက် လုပ်ကိုင်သွားမယ်လို့ RFA ကို ပြောပါတယ်။

လက်ရှိဖြစ်ရပ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအစိုးရကြား သံတမန်နည်းအရ ဖြေရှင်းရမှာ ဖြစ်တဲ့အတွက် တပ်မတော်ဘက်ကတော့ တစ်စုံတစ်ရာ ဖြေရှင်းမှာ မဟုတ်ဘူးလို့ တပ်မတော်မှာ တာဝန် ထမ်းဆောင်ဖူးသူတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အဖွဲ့က ဦးသိန်းထွန်းဦးက ယူဆပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က အခုလိုကန့်ကွက်တာဟာ နိုင်ငံရေးအရ မြန်မာနိုင်ငံကို ဖိအားပေးချင်တာ ဖြစ်တယ်လို့  ဦးသိန်းထွန်းဦးက ပြောပါတယ်။

နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတဲ့ကာလဖြစ်တဲ့ အခုလိုအချိန်မျိုးမှာ နှစ်နိုင်ငံ နယ်စပ်အနီး စစ်ရေးလှုပ်ရှားမှုတွေကို ရှောင်သင့်တယ်လို့ သုံးသပ်ပါတယ်။

အခုလို စစ်ရေးလှုပ်ရှားမှုတွေဟာ နှစ်နိုင်ငံနယ်စပ်မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေ အထိတ်တလန့် ဖြစ်နိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက်သတင်းစာတွေမှာ ဖော်ပြနေကြတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ခုနှစ်သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို  ထွက်ပြေး ခိုလှုံသွားကြတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

လက်ရှိမှာလည်း ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်၊ နှစ်သိန်းနီးပါးလောက် ရှိနေပြီ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့