ဒုက္ခသည်ထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိသူ ပါဝင်နိုင်

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ် ရှိသူတွေ ပါဝင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောဆိုလိုက်ပါတယ်။

2012.07.28

ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က လန်ဒန်ထုတ် Sunday Express သတင်းစာကို ပြောဆိုခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အဖြစ်အပျက် တချို့နဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း မြန်မာ အာဏာပိုင်တွေကိုလည်း အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးရဲ့ အစီရင်ခံချက်တွေအရ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဂျမက် အီး အစ္စလာမ် မီး အဖွဲ့လို အစွန်းရောက် အစ္စလာမ်မစ်အဖွဲ့တွေက အဲဒီ ဒုက္ခသည်တွေထဲက တချို့ကို အားပေးကူညီတာမျိုး ရှိနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောဆိုပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘင်္ဂါလီ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက အဝင်မခံဘဲ ပြန်မောင်းထုတ် နေတဲ့အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက် ဝေဖန်နေကြပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကတော့ မြန်မာနိုင်ငံဘက်က အဲဒီ ဒုက္ခသည်တွေ ဘာကြောင့် ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးစား နေတာလဲဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက သေသေချာချာ သိအောင် စုံစမ်းသင့်တယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည် အများအပြား ရှိနေပြီး ဖြစ်တဲ့အတွက် နောက်ထပ် လက်မခံနိုင်တော့ဘူး လို့လည်း ပြောဆိုပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ အကြမ်းဖက်သမား နှိမ်နင်းရေးအတွက် ဗြိတိသျှ အစိုးရနဲ့ စကော့တလန်ယာ့ဒ် ထောက်လှမ်းရေး အဖွဲ့တွေကနေ အကူအညီပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။