ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ၂၀၁၈ ဇန်နဝါရီမှာ ပြန်ခေါ်မည်


2017.12.07
winmyataye-622 လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်မယ့် အစီအစဉ်ကို ၂၀၁၈ ဇန်နဝါရီလမှာ စတင်မယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

နေပြည်တော်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD လုပ်ငန်းစဉ်တွေကို နိုင်ငံတကာသံတမန်တွေကို ရှင်းလင်းတဲ့ အခမ်းအနားအပြီးမှာ ပြည်ထောင်စုဝန်ကြီးက အဲဒီလိုပြောတာပါ။

နှစ်နိုင်ငံ သဘောတူ စာချုပ် ချုပ်ဆိုခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ကနေ ၂ လအတွင်း ခေါ်ယူရေးအစီအစဉ် စတင်ရမှာဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒုက္ခသည်တွေကို ပြန်လည်လက်ခံမယ့် ငါးခူရနဲ့ တောင်ပြိုလက်ဝဲအနီးက မီးလောင်သွားတဲ့ အိမ်တွေကိုလည်း နှစ်လအတွင်း ပြန်လည်ပြင်ဆင်မှာဖြစ်ပြီး ခေတ္တလက်ခံမယ့် နေရာတွေမှာ အချိန်ကြာမြင့်စွာ ထားရှိမှာမဟုတ်ဘူး လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာမယ့်သူတွေကို ၁၉၈၂ နိုင်ငံသားဥပဒေနဲ့အညီ စစ်ဆေးမယ်လို့လည်း ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးမှာတော့ ကုလရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲဖြစ်တဲ့ အကြီးအကဲ ဇိတ်ရာအက်အယ်လ်ဟူစိန်ကလည်း ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ မွတ်စလင် ဒုက္ခသည်တွေကို မြေပြင်အနေအထား ခိုင်ခိုင်မာမာ စောင့်ကြည့်ခွင့်မရှိရင် ပြန်ခွင့်မပြု သင့်ဘူးလို့ ပြောထားပါတယ်။

ဒါ့အပြင် အဲဒီ အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ မွတ်စလင်တွေကို လူသားချင်း စာနာထောက်ထားမှုမရှိတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ဖွယ်ရှိကြောင်း ဆုံးဖြတ်ချက်ကို အတည်ပြုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးကတော့ ကုလ လူ့အခွင့်အရေး ကောင်စီဆုံးဖြတ် ချက်တွေဟာ ကျင့်ဝတ်နဲ့မညီဘဲ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်မှုဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောဒေသမှာ လုံခြုံရေး ကင်းစခန်းတွေ တိုက်ခိုက်ခံ ရပြီးနောက်ပိုင်း အဲဒီဒေသမှာနေထိုင်တဲ့ မွတ်စလင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက် လူမျိုးတွေဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေကြတာဖြစ်ပါတယ်။

ဟိန္ဒူဘာသာဝင်တွေနဲ့ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်လူမျိုး အများစုကတော့ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စတဲ့မြို့တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး မွတ်စလင်အများစုနဲ့ ဟိန္ဒူဘာသာဝင် အနည်းစုကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံနေတာဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာသတင်းတွေမှာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူပေါင်း ၆ သိန်းကျော် ထွက်ပြေးသွားတယ်လို့ဖော်ပြကြပေမယ့် မြန်မာဘက်က ဘယ်လောက်ရှိတယ်လို့ ထုတ်ပြန်တာမရှိသေးဘဲ ၁၉၉၃ သဘောတူညီချက်နဲ့သာ ပြန်လည်လက်ခံမယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။