လှေစီးဒုက္ခသည် ၁၅၀ ကို မနက်ဖြန် ဘင်္ဂလားဒေ့ရှ် လွှဲယူမည်

2015-06-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းလှေစီးဒုက္ခသည်များကို မေလ ၂၃ ရက်နေ့က အလယ်သံကျော်ကျေးရွာမှာ တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းလှေစီးဒုက္ခသည်များကို မေလ ၂၃ ရက်နေ့က အလယ်သံကျော်ကျေးရွာမှာ တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ယာယီကယ်တင်ထားတဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ၂၀၀ ထဲက ၁၅၀ ကို မနက်ဖြန် လွှဲပြောင်းယူမယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ဒီနေ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ကျန်ရှိတဲ့သူတွေကိုလည်း ဆက်လက်လွှဲပြောင်းပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီး ကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးခင်စိုး က ပြောပါတယ်။

"ဟိုဖက်ကတော့ မြန်မာစံတော်ချိန် ၈ ရက်နေ့ နံနက် ၁၁ နာရီမှာ  လွှဲပြောင်းလက်ခံမှု လုပ်ငန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းပေါ့၊  တရားဝင်ပေးပို့သော အကြောင်းကြားစာကို မောင်တောအနေဖြင့် လက်ခံရရှိပါ တယ်၊  သူတို့နိုင်ငံကနေ လောလောဆယ် ၁၅၀ ကို လွှဲပြောင်းလက်ခံတယ်ဆိုတာ  သူတို့ကအကြောင်း ကြားတာပါ၊ ကျန်တဲ့ ၅၀ ကိုလည်း  အမြန်ဆုံးလက်ခံဆောင်ရွက်ပေးဖို့ ကျနော်တို့ဖက်က ညှိနှိုင်းဆောင် ရွက်နေပါတယ်"

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က မောင်တောမြို့နယ်အနီး မြန်မာ့ရေပိုင်နက်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ပါဝင်တဲ့ စက်လှေတစ်စီးကို ရေတပ်က တွေ့ရှိ ခဲ့တဲ့အတွက် ကယ်တင်ထားပြီး တောင်ပြိုလက်ဝဲမြို့နယ်ခွဲကို ပို့ဆောင်ထားတာပါ။

ဒါ့အပြင် မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အနီးမှာ ကယ်တင် ထားတဲ့ လှေစီးဒုက္ခသည် ၇၀၀ ကျော်ကိုလည်း ရခိုင်ပြည် နယ် မောင်တောမြို့နယ်မှာ ယာယီနေရာချထားပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကိုယ်တိုင် မနေ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ၇၀၀ ကျော်ကို ရခိုင်ပြည်နယ်မှာ ယာယီကယ်ဆယ်ထားတာကို မကျေနပ် တာကြောင့် လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ်တစ်ခုလုံး ကန့်ကွက် ဆန္ဒပြသွားဖို့ စစ်တွေမြို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက မနေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့