ရခိုင်က စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်တာကို ဝေဖန်


2019.01.16
tharsan-622.jpg ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲ ခေါင်းဆောင် ဦးသာစံ ကို ၂၀၁၉၊ ဇန်နဝါရီ ၁၆ ရက်နေ့ကျင်းပတဲ့ ဆွေးနွေးပွဲမှာ တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာသယ်ယူခွင့်ကို တပ်မတော်က တားဆီးပိတ်ပင်ထားတာဟာ မဖြစ်သင့်သလို ဒါဟာ နိုင်ငံတကာ ဥပဒေတွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲက ဒီနေ့ ဝေဖန် ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးမှာ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဒီနေ့ဆွေးနွေးပွဲမှာ အဲဒီအဖွဲ့ရဲ့ခေါင်းဆောင် ဦးသာစံက သတင်းထောက်တွေကို အဲဒီလို ပြောဆိုခဲ့တာပါ။

လူ့အခွင့်အရေးတစ်ရပ်အနေနဲ့ လူတိုင်းစားနပ်ရိက္ခာတွေ ရပိုင်ခွင့်ရှိပြီး စားနပ်ရိက္ခာ အထောက်အပံ့တွေ၊ အကူအညီပေးတာတွေကို ပိတ်ပင်နေတာဟာ ဝမ်းနည်းစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် အဖွဲ့ခေါင်းဆောင် ဦးသာစံက ပြောပါတယ်။

အခုလို စားနပ်ရိက္ခာ သယ်ယူခွင့်ပိတ်ပင်ထားတဲ့ကိစ္စကို ဘယ်လိုဆောင်ရွက်ဖို့ရှိသလဲလို့ မေးမြန်းခဲ့ရာမှာတော့  ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက မဆောင်ရွက်နိုင်ဘူးဆိုရင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ဆက်လက်တင်ပြသွားမယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်ကို ဒီနေ့ ညနေ ၄ နာရီ မိနစ် ၂၀ မှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။

တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဟာ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

ကျောက်တော်မြို့နယ် ဝါးတောင်၊ ကန်စောက်၊ တောင်မင်းကုလား ကျေးရွာ ၃ ခုမှာ ရှိတဲ့ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ဟာ တပ်မတော်က ယိုးချောင်းအထက်ပိုင်းကို စားနပ်ရိက္ခာ သယ်ယူခွင့်ကို ပိတ်ပင်ထားတဲ့အတွက် နေရပ်ပြန်ဖို့ အခက်တွေ့နေကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဇန်နဝါရီလ ၄ ရက်နေ့က စတင်ပြီး တိုက်ပွဲဖြစ်ပွားလာခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် ခြောက်ထောင်ခန့် ရှိနေပြီ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။