ကရင်နယ်ခြားစောင့်တပ် နုတ်ထွက်စာတင်လို့ တပ်မတော်နဲ့ ဆွေးနွေးနေ

2021.01.15
ကရင်နယ်ခြားစောင့်တပ် နုတ်ထွက်စာတင်လို့ တပ်မတော်နဲ့ ဆွေးနွေးနေ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့တွေ စစ်ရေးပြနေစဉ်
Photo: KIC

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGFရဲ့ တပ်ရင်းတပ်ဖွဲ့တွေအားလုံး မနေ့ကပဲ နုတ်ထွက်စာ တင်လိုက်ကြပါတယ်။ တပ်မတော်ကနေ သူတို့ အဖွဲ့ရဲ့ ခေါင်းဆောင်တွေအပေါ် ဖိအားတွေ ပေးနေတာကို မကျေနပ်လို့ အခုလို တစ်ဖွဲ့လုံး နုတ်ထွက်ဖို့ ဆုံးဖြတ်တာလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ BGF အဖွဲ့ခေါင်းဆောင်တွေနဲ့ တပ်မတော်တို့ ကရင်ပြည်နယ် မြိုင်ကြီးငူမှာ ဒီနေ့ဆွေးနွေးခဲ့ကြပြီး ပြေလည်မှုတွေတော့ မရသေးပါဘူး။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့ခေါင်းဆောင်တွေ တာဝန်ကနေ အနားယူအောင် တပ်မတော်ကနေ ဖိအားပေးလာတဲ့အတွက် BGF တပ်ရင်းတပ်ဖွဲ့တွေ အားလုံး မနေ့ကပဲ နုတ်ထွက်စာ တင်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ BGF ရဲ့ တပ်မှူးတစ်ဦးက ပြောပါတယ်။

“အကုန်လုံးကို ပေးနားလိုက်တာပေါ့။ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူရယ်၊ ဗိုလ်မှူး စောမုတ်သုန်ရယ်၊ ဗိုလ်မှူး စောတင်ဝင်း ပေးနားတဲ့အတွက် ကျန်တဲ့အဖွဲ့တွေက စိတ်ဓါတ်ကျတာပေါ့။ သူတို့တွေက တပ်ရင်းတပ်ဖွဲ့တွေကို ကြည့်နေရတာကိုး။ စီးပွားရေးမပြေလည်တဲ့အတွက် သူတို့တွေမရှိတော့ရင် တပ်ရင်းတပ်ဖွဲ့တွေလည်း မိသားစုစားဝတ်နေရေး အခက်ခဲတွေရှိလာမယ်။ ဒီအတွက်တွေပေါ့နော် အစည်းဝေးထိုင်ပြီးတော့ တင်ကြတာပေါ့”

BGF တပ်ဖွဲ့တွေ နှုတ်ထွက်မှုနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ မြိုင်ကြီးငူဒေသမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကျေနပ်မှုတွေ ရတဲ့အထိ ဆက်ပြီးဆွေးနွေးမှုတွေလုပ်ကြဖို့ နှစ်ဖက်သဘောတူညီခဲ့တယ်လို့ BGFရဲ့ စည်းကမ်းထိမ်းသိန်းရေးနဲ့ လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။

“စုပေါင်းပြီးတော့ ကျနော်တို့ နုတ်ထွက်ဖို့အတွက် တင်ပြတာပေါ့နော်။ နုတ်ထွက်ဖို့အတွက် အပေါ်မှ လူကြီးတွေ လာပြီးတော့မှ ရှင်းပြတာပေါ့။ အချိန်ယူပြီးတော့ ခဏပြန်စဉ်းစားဖို့ပေါ့ နုတ်ထွက်ဖို့ ကိစ္စကိုဆွေးနွေးမှု အနေထားအရတော့ လက်ရှိအနေထားမှာတော့ တပ်မတော်အကြီးအကဲတွေရဲ့ စိတ်နေသဘောထားတချို့ကိုတော့ မြင်တွေ့ရတာပေါ့နော်။ မဖြစ်ချင်တာမဖြစ်စေချင်တဲ့ သဘောနဲ့ လာရောက်ပြီးတော့မှ ရှင်းပြတဲ့သဘောပဲ။ လောလောဆယ် ကျနော်တို့ အကြမ်းမျဉ်း ဒီလိုပဲယူဆထားပါတယ်။ ကျနော်တို့ သဘောထားတွေကတော့ ဒီနေ့ဆွေးနွေးသွားတဲ့အပေါ်မှာတော့ ကျနော်တို့ ပြန်ပြီးတော့ တိုင်ပင်ဆွေးနွေးမယ်လေ။ ကျနော်တို့ဒေသအတွက် ကျနော်ပြည်နယ်အတွက်ပေါ့။ ကျနော်တို့ ပြန်ပြီးတော့မှ ကျနော်ထင်တယ် ၂ ခါ ၃ ခါလောက်တော့ ကျနော်တို့ ပြန်ဆွေးနွေးရလိမ့်မယ်လို့ ထင်တယ်”

BGFက နုတ်ထွက်ခွင့် တင်ထားတဲ့ အထဲမှာ တပ်နယ်လေးခုက တပ်ရင်း ၁၃ ခု ပါဝင်ပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ စီးပွားရေး မလုပ်ဖို့နဲ့ စီးပွားရေး လုပ်ကိုင်မယ်ဆိုရင် အရပ်ဝတ်နဲ့ပဲလုပ်ဖို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ အခုလပိုင်းမှာ တပ်မတော်က သတိပေးခဲ့ပါတယ်။ အဓိက သတိပေးခံရတဲ့အထဲမှာ BGF တပ်ရင်း ၁၀၂၂ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်မှူး စောမုတ်သုန်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနဲ့ တပ်နယ် ၂ က ဗိုလ်မှူးစောတင်ဝင်းတို့ ပါဝင်ပါတယ်။ အဲဒီအထဲက ဗိုလ်မှူး စောမုတ်သုန်ကတော့ ဇန်နဝါရီလ ၈ ရက်နေ့မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဆီ နုတ်ထွက်စာတင်ခဲ့ပါတယ်။

BGF အဖွဲ့ခေါင်းဆောင်တချို့ရဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကြောင့် အရေးယူဆောင်ရွက်နေတာဖြစ်ပြီး တစ်ဖက်မှာလည်း BGF နဲ့ ညှိနှိုင်းမှုတွေရှိနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အဓိကတော့ အဲဒီဘက်မှာ စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေတာဖြစ်တယ်။ စီးပွားရေး လုပ်ဆောင်တာက တရားဝင် စီးပွားရေးလုပ်ငန်း တရားမဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်။ BGF ဆိုတာလည်းတပ်မတော်ရဲ့ ကွပ်ကဲမှုအောက်ကဖြစ်တယ်။ BGF တပ်ဖွဲ့ဝင်တွေအနေနဲ့က အခုချိန်မှာသူတို့ရဲ့ စစ်သည်တွေရော၊ စစ်သည်မိသားစုတွေရော BGF မိသားစုဝင်တွေရော တရာဝင်ရပ်တည်နေကြတာဖြစ်တယ်။ တရာဝင်ဂုဏ်သိက္ခာရှိရှိနေနိုင်တဲ့ ဟာမျိုးဖြစ်တယ်။ အဲလိုမျို အခြေနေကတော့ ခေါင်းဆောင်တွေရဲ့ အတ္တကြောင့်မို့လို့ပေါ့နော် အချို့အတ္တကြောင့် ဂုဏ်လျှော့သွားမယ့်ဟာမျိုး မဖြစ်သင့်ဘူး။ ဒါ့အပြင် ဒေသခံပြည်သူလူထုတွေက ငြိမ်းချမ်းနေတဲ့ အခြေနေမျိုးတွေဟာ ဒါမျိုးအခြေအနေကြောင့်မို့လို့ ဆုတ်လျှော့သွားမယ့် အခြေအနေတွေ ထိခိုက်လာမယ့် အခြေအနေတွေ မဖြစ်စေချင်ဘူး။ ဘာကြောင့်မဖြစ်စေချင်တာလဲ ကျနော်တို့အနေနဲ့ ဆက်လက်ညှိနှိုင်းနေတာဖြစ်တယ်။ တပ်မတော်အနေနဲ့လည်း BGF အဖွဲ့တွေရဲ့ အချို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နေတွေလည်းရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ တပ်မတော်အနေနဲ့က အသိအမှတ်ပြုပြီးဖြစ်တယ်။ သို့သော် ဒီလိုဖြစ်လာတဲ့ အကြောင်းအရင်းတွေကတော့ တချို့ခေါင်းဆောင်တွေရဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကြောင့်မို့လို့ တပ်မတော်အနေနဲ့ ဒါတွေကို လမ်းမှားမရောက်အောင် ဆောင်ရွက်ခဲ့ရတာဖြစ်တယ်”

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ကရင်ပြည်နယ်အတွင်း ရွှေကုက္ကို စီမံကိန်းဟာ အစိုးရ ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ဆောင်ခဲ့တာတွေရှိလို့ စီမံကိန်းကို ရပ်ထားကြောင်းနဲ့ ဒီစီမံကိန်းကို အစိုးရအုပ်ချုပ်ရေး ယန္တရားအောက် ထည့်သွင်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အခုလ ၈ ရက်နေ့ကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားပါတယ်။ BGF ဘက်ကတော့ စီးပွားရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တာဟာ BGF တပ်ဖွဲ့ ဝင်တွေ အပါအဝင် ဒေသခံတွေ အလုပ်အကိုင်ရရှိဖို့ ရည်ရွယ်တာလို့ ပြောကြပါတယ်။

အခု ဖြစ်နေတဲ့ပြဿနာဟာ တပ်မတော်နဲ့ BGF တို့အကြားမှာ တိုက်ရိုက်ဖြစ်တဲ့ ပြဿနာမဟုတ်တာကြောင့် နှစ်ဖက်ညှိနှိုင်းရင် ပြေလည်နိုင်တယ်လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အင်စတီကျု MIPS အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ယူဆပါတယ်။

“အဓိက ဖြစ်တဲ့ကိစ္စကတော့ ရွှေကုက္ကိုလ်မှာရှိတဲ့ တရုတ်ကနေ လာရင်းနှီးမြှပ်နှံတဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေနဲ့ဖြစ်တဲ့ဟာပေါ့ဗျာ။ အဲဒီဖြစ်တဲ့အပေါ်မှာ တပ်မတော်ဘက်ကထက် အစိုးရဘက်ကနေပြီး တပ်မတော်နဲ့ ဆွေးနွေးတဲ့အခါမှာ ဒီ BGF က တပ်မတော် လက်အောက်မှာရှိနေတဲ့ အတွက်ကြောင့်မို့လို့ တပ်မတော်ကနေ တာဝန်ယူပြီးတော့ ဒီကိစ္စကို ကိုင်တွယ်ဖို့အတွက်ဆိုပြီးတော့ ပြောခဲ့တဲ့ဟာရှိခဲ့တာပေါ့နော်။ အဲဒီတော့ နောက်ဆက်တွဲအနေနဲ့ တပ်မတော်ဘက်ကလည်း သူတို့သည် တပ်မမှူးရာထူးအပြင် အခြားအဆင့် အရာရှိကြီး သုံးဦးကို ကျနော်သိသလောက် သူတို့ အနားပေးလိုက်တယ်လို့ ကြားရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့၊ နောက်ဆက်တွဲ BGF ကိုလည်း BGF ဘက်ကအရာရှိ တာဝန်ရှိတဲ့သူကိုလည်း ပြောတယ်ပေါ့။ တပ်မတော်နဲ့ သူတို့နဲ့ တွဲပြီးတော့ လုပ်လာတာလည်းကြားပြီ ဒီလောက်ပြဿနာလောက်နဲ့ တပ်မတော်ကလည်း BGF ကို ဒီလောက်အဆင့်ထိ ဖြစ်သွားအောင် ဖိအားပေးမှာတော့ မဟုတ်ဘူး။ နံပါတ် ၁ က ဒီပြဿနာကတပ်မတော်နဲ့ တိုက်ရိုက်ဖြစ်တဲ့ ပြဿနာ မဟုတ်ဘူး။ စီးပွားရေးလုပ်တာနဲ့ ပတ်သက်ပြီးတော့မှ မျက်နှာပျက်စရာဖြစ်တယ်လို့ ဆိုပြီးတော့ တပ်မတော်ကို ပြောတဲ့အပေါ် တပ်မတော်က အရေးယူဆောင်ရွက်မှုလုပ်ခဲ့ဟာ။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီးတော့လည်း အကြီးအကျယ်ဖြစ်စရာတော့ မရှိဘူး ကျနော့် အမြင်အရတော့”

တပ်မတော်ရဲ့လက်အောက်ခံအဖွဲ့အစည်းပုံစံနဲ့ ရပ်တည်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ အကြားမှာ ရေရှည်ပြေလည်မယ့် အခြေအနေမျိုး မတည်ဆောက်နိုင်သရွေ့ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် ပြဿနာတွေကတော့ ရှိနေမှာပဲလို့ မြန်မာ့နိုင်ငံရေး အကဲခတ် ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“နှစ်ဖက်ညှိနှိုင်းရင်တော့ ပြေလည်နိုင်တာပေါ့။ ဒါပေမဲ့လည်း အဲဒါကတော့ ရည်ရှည်အဖြေဖြစ်မယ်လို့တော့ မဟုတ်ဘူးဗျာ။ ရည်ရှည်ကတော့ ကျနော်မြင်တာက ဒီစီးပွားရေးအကျိုးရှိနေကြတယ်။ နောက်တစ်ခါကျတော့ သေနတ်တွေ လက်နက်တွေကလည်း ရှိနေကြတယ်။ ပြောမယ်ဆိုရင် အပစ်ရပ်အဆင့်လောက်မှာ ရှိနေကြပြီးတော့ တကယ်တည်ငြိမ်တဲ့ ငြိမ်းချမ်းရေး ဆက်မသွားနိုင်တဲ့ ဟာမျိုးဖြစ်နေတာပေါ့နော်။ လက်ရှိ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာကျတော့ အခုလက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ပေါ့။ တကယ့်တကယ်ကျတော့ ဒီရဲ့အပြင်မှာရှိတဲ့ တချို့အဖွဲ့အစည်းတွေပေါ့ဗျာ ပြောရမယ်ဆိုရင် တပ်မတော်အောက် ရောက်နေတဲ့ဟာမျိုးပေါ့။ ကယားပြည်မှာလည်း ကလလတတို့၊ ကယားပြည်သူ့စစ်တွေရှိတယ်။ ရှမ်းပြည်မှာဆိုရင်လည်း ပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့တွေ အများကြီးပဲ။ ပြောရမယ်ဆိုရင် အင်အားတော်တော်များတယ်။ အဲဒါတွေအားလုံးက ဘာနဲ့တူလဲဆိုတော့ ကျနော်တို့ ငြိမ်းချမ်းရေးပြဿနာကြီးကို မဖြေရှင်းဘဲနဲ့ ဒီပြဿနာတွေကို လုံးသွားတယ်ပေါ့ဗျာ။ ကျနော်အဲသဘောမျိုး ပိုစုံတယ်လို့ထင်တယ်။ တစ်ချိန်မဟုတ် တစ်ချိန်တော့ ပြန်ပြီးတော့ ပြဿနာတက်လာမှာပဲနော်”

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF ကို ၂၀၁၀ ခုနှစ်၊ သြဂုတ်လမှာ တိုးတက်သော ကရင်အမျိုးသား တပ်မတော် DKBA က တပ်ရင်း ၁၂ ခု၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPFက တပ်ရင်း ၁ ရင်းနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ လက်ရှိမှာ BGFရဲ့ တပ်အင်အား ခုနစ်ထောင်ကျော်လောက်ရှိတယ်လို့ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ RFAကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။