BGF က အရပ်သားတွေကို အဓမ္မခေါ်ဆောင်နေကြောင်း KNU ထုတ်ပြန်

2021-09-16
Share
BGF က အရပ်သားတွေကို အဓမ္မခေါ်ဆောင်နေကြောင်း KNU ထုတ်ပြန် ကရင်ပြည်နယ် ရှေ့တန်းမှာ စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်
Photo: RFA

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ရဲ့ အမှတ် (၁၀၁၃) တပ်ခွဲ (၂) အနေနဲ့ ကြသောင်းဆိပ်စခန်းကို တပ်ချိန်းဖို့နဲ့ ရိက္ခာပို့ဖို့အတွက်ဆိုပြီး စက်တင်ဘာလ ၁၄ ရက်နေ့က ဘီးလင်းမြို့၊ မြစ်ကျိုးကျေးရွာမှာရှိတဲ့ ဒေသခံတွေရဲ့ ယာဉ်မောင်းအပါအဝင် ထော်လာဂျီ ငါးစီးနဲ့ ကျေးရွာခေါင်းဆောင် ရပ်မိရပ်ဖ ခြောက်ဦးကို အဓမ္မခေါ်ဆောင်သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

“ထော်လာဂျီ ငါးစီးကို ရိက္ခာတင်ဖို့အတွက် ခေါ်သွားတယ်၊ ဆန်အိတ် (၁၆၆) အိတ် တင်သွားတယ်၊ ပိုက်ဆံမပေးဘူး၊ မြစ်ကျိုးရွာက ရပ်မိရပ်ဖ ခြောက်ဦးကိုလည်း သူတို့လုံခြုံရေးအတွက်ခေါ်သွားတယ်” လို့ KNU ရဲ့ ဘီးလင်းမြို့နယ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အရပ်သားတွေကို အလုပ်ခိုင်းစေဖို့ အဓမ္မခေါ်ဆောင်ခံရတာ ဟုတ်၊ မဟုတ်ကိုတော့ RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

BGF အဖွဲ့ တပ်နယ် (၂) ဗိုလ်မှူး စောတင်ဝင်းကတော့ အောက်ခြေက အခြေအနေကို သူ့အနေနဲ့ သေချာ မသိသေးကြောင်းနဲ့ အရပ်သားပြည်သူတွေကို အခုလိုလုပ်ဖို့ ညွှန်ကြားထားတာလည်းမရှိသလို တကယ်လို့ အဲလိုလုပ်တာသိခဲ့ရင်လည်း အရေးယူဆောင်ရွက်သွားမယ်လို့ RFA ကို ဒီကနေ့ပြောပါတယ်။

KNU ရဲ့ထုတ်ပြန်ချက်ထဲမှာ သြဂုတ်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ ခမရ (၄၀၆) တပ်နဲ့ BGF (၁၀၁၃) ပူးပေါင်းအဖွဲ့တွေက ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာထဲက လူနေအိမ်သုံးလုံးကို ဝင်ရောက် ရှာဖွေကာ ပစ္စည်းအချို့ကို ယူသွားတာတွေရှိတယ်လို့ ရေးသားထားပါတယ်။

ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီး ပစ္စည်းတွေကို သိမ်းယူသွားတယ်ဆိုတဲ့ KNU ရဲ့ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်မှုကိုသိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က တယ်လီဖုန်း နဲ့ ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့