ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့က ရစ်ချတ်ဆင် နုတ်ထွက်


2018.01.24
bill-richardson-622.jpg ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့က နုတ်ထွက်ခဲ့တဲ့ Bill Richardson(အကျီၤအပြာ)ကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေး အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ကြောင်း အမေရိကန် ဝန်ကြီးဟောင်း Bill Richardson ဘီလ် ရစ်ချတ်ဆင် က ဗုဒ္ဓဟူးနေ့ မနေ့က ရုတ်တရက်ကြေညာလိုက်ပါတယ်။

ရစ်ချတ်ဆင်က အဲဒီ အကြံပေးအဖွဲ့ဟာ နိုင်ငံတကာ အမြင်ကောင်းအောင် ဟန်ပြထားတဲ့အဖွဲ့ သက်သက်ဖြစ်နေ တယ်လို့လည်း AFP သတင်းဌာနကို ပြောပါတယ်။

ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ ဝန်ကြီးဟောင်း ရစ်ချတ်ဆင်က အစိုးရရဲ့ ဂုဏ်ပြုတပ်ဖွဲ့လိုဖြစ်နေတဲ့ အဲဒီအကြံပေး အဖွဲ့မှာ မိမိ မပါဝင်လိုတော့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မွတ်စလင်တွေ ရခိုင်ပြည်နယ်က ထွက်ပြေး ရအောင် လုံခြုံရေးတပ်ဖွဲ့တွေက ပြုကျင့်ခဲ့တာတွေကို ဂဃနဏ မကြည့်ဘဲ မြန်မာပြည်အပေါ် နိုင်ငံတကာက ပူးပေါင်းဆန့်ကျင်နေကြတယ်လို့ ယုံကြည်နေကြောင်း၊ မြန်မာပြည်မှာဖြစ်နေတဲ့ ပြဿနာအားလုံးကို ကုလသမဂ္ဂ နဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ တခြားတိုင်းပြည်တွေနဲ့ သတင်းဌာနတွေအပေါ် အပြစ်မြင်နေကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည်အနားမှာ ဝိုင်းရံနေသူတွေအနေနဲ့ သူမကို မှန်ကန်ပွင့်လင်းစွာ တင်ပြအစီရင်ခံခြင်း မရှိတဲ့အတွက် အခုလို ပြဿနာဖြစ်နေတယ်လို့ မိမိ ထင်မြင်ကြောင်း စသဖြင့်လည်း AP သတင်းဌာနကို ပြောတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံနေရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို လွှတ်ပေးဖို့ တနင်္လာနေ့က တွေ့ဆုံစဉ် အတွင်း ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည် က အကြီးအကျယ်စိတ်ဆိုးသွားပြီး အဲဒီကိစ္စဟာ မိမိကိုပါဝင်ဖို့ ဖွဲ့စည်းထားတဲ့အကြံပေးအဖွဲ့ရဲ့ တာဝန်နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း ပြောဆိုခဲ့တယ်လို့လည်း ရစ်ချတ်ဆင် က ပြောကြားပါတယ်။

ဘီလ် ရစ်ချတ်ဆင်ပါဝင်တဲ့ အကြံပေးအဖွဲ့ကို မြန်မာအစိုးရက ဒီဇင်ဘာ ၈ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာပါ။ အဲဒီအဖွဲ့မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆူရာကီယတ် ဆာသီယာထိုင်း လို အင်မတန်တော်တဲ့၊ စေတနာလည်း တကယ်ရှိတဲ့ သူတွေပါဝင်ပါတယ်၊ ဒါပေမဲ့ အဖွဲ့ကလုပ်ဆောင်ရမယ့် အစီအစဉ်တွေထဲမှာ ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ရေးကိစ္စလို အရေးကြီးတဲ့ အချက်တွေကို ဆောင်ရွက်ဖို့ တစ်စုံတရာပါဝင်ခြင်း မရှိပါဘူးလို့လည်း ရစ်ချတ်ဆင်က ပြောပါတယ်။

တဆက်တည်းမှာပဲ ကျနော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အင်မတန်ကြည်ညိုလေးစားသူပါ၊ ဒါပေမဲ့ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး သူမအနေနဲ့ သိက္ခာရှိရှိ ဦးဆောင်မှုကို ပြသနိုင်ခဲ့ခြင်း မရှိသေးပါဘူး လို့လည်း မြန်မာပြည် ၃ ရက်ကြာ ခရီးစဉ်အပြီးမှာ သူက ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်ကို ဗုဒ္ဓဟူးနေ့က သွားရောက်တဲ့အကြံပေးအဖွဲ့နဲ့အတူ ရစ်ချတ်ဆင်လိုက်ပါခဲ့ခြင်း မရှိပါဘူး။ အဲဒီ ခရီးစဉ်မှာ ပါဝင်တဲ့ အကြံပေးအဖွဲ့ဝင် တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း Roelof Meyer ရူးလော့ဖ် မေယာကတော့ မိမိတို့အဖွဲ့ကို အစိုးရအာဘော် ထင်ဟပ်မယ့် ဟန်ပြအဖွဲ့လို့ တစ်စုံတဦးက ပြောမယ် ဆိုရင် လုံးဝမှားယွင်းပြီး မျှတမှုမရှိတဲ့စကားဖြစ်ပါလိမ့်မယ်။ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ အင်မတန်အကျိုးရှိပါတယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။