လူပုဂ္ဂိုလ်၂၀၈၂ ဦးကို အမည်မဲစာရင်းထဲမှ ပယ်ဖျက်

အရင်စစ်အစိုးရလက်ထက် ကတည်းက နံမည်ပျက်စာရင်း black list ထည့်သွင်းခံထားရသူ မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသား စုစုပေါင်း ၆၁၆၅ ထဲက ၂၀၈၂ ဦးကို စာရင်းထဲကနေ ပယ်ဖျက် ပေးလိုက်ကြောင်း အစိုးရ သတင်းစာမှာ ဒီကနေ့ ဖော်ပြပါတယ်။

2012.08.28
saw-mya-yarzarlin-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်က ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင် အခြေစိုက်သည့် ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို စစ်တွေမြို့ခံများက ကြိုဆိုနေကြစဉ်။
RFA

အဲဒီလို နံမည်ပျက် စာရင်းကနေ ပယ်ဖျက်ခံရသူ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်လာနိုင်ပြီ ဖြစ်ကြောင်းလည်း အစိုးရသတင်းစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ရန် အလို့ငှာ ကုမ္ပဏီတွေ၊ နယ်ပယ် အသီးသီးက လူပုဂ္ဂိုလ်တွေ၊ သတင်း မီဒီယာသမားတွေ အပါအဝင် လူတချို့ကို အကြောင်း အမျိုးမျိုးနဲ့ နံမည်ပျက် စာရင်းထဲ ထည့်သွင်းခဲ့တာလို့ ဆိုပါတယ်။

အစိုးရရဲ့ ဒီအစီအစဉ်အရ အရင်က နံမည်ပျက်စာရင်း ထည့်သွင်းခံခဲ့ရတဲ့ ရှစ်လေးလုံး အရေးတော်ပုံ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမိုးသီးဇွန်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ NLD-LA ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးညိုအုန်းမြင့်နဲ့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB ခေါင်းဆောင် ဦးမောင်မောင်တို့ အပါအဝင် တခြားကျောင်းသား ခေါင်းဆောင်ဟောင်း တချို့ကို အစိုးရက ပြန်လာခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ အခြေစိုက်တဲ့ ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းဟာ နှစ်ပေါင်း ၂၄ နှစ်ကျော် ပြည်ပမှာ နေထိုင်နေရာကနေ မနေ့က ရခိုင်ပြည် ပြန်ရောက်ခဲ့ပြီး စစ်တွေမြို့ခံတွေက သူ့ကို ကြိုဆိုခဲ့ကြပါတယ်။

ဒေါ်စောမြရာဇာလင်းဟာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မီတီဝင် တစ်ဦးဖြစ်ပြီး ALP ဟာ မကြာသေးခင်က အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အစီအစဉ်နဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူလိုက်ပြီး ရခိုင်ပြည်နယ်မှာ ဆက်ဆံရေးရုံးတွေ ဖွင့်ခွင့်ရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။