ရာထူးတိုး စာမေးပွဲဖြေဆိုရမယ့် ညွှန်ကြားချက် တက္ကသိုလ်ဆရာတွေ ကန့်ကွက်


2018.12.27
black-ribbon-campaign-622.JPG ပင်လုံတက္ကသိုလ်က ဖဲကြိုးနက်လှုပ်ရှားမှုကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Thin Hlaing PinLon Uni

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ပညာရေးကောလိပ်တွေမှာ ၂၀၁၅ ခုနှစ်က ခန့်အပ်ထားတဲ့ နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမတွေကို လက်ထောက်ကထိက ရာထူးတိုးပေးရာမှာ စာမေးပွဲဖြေဆိုရမယ်ဆိုပြီး ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက သတ်မှတ်လိုက်တာကြောင့် ဆရာ၊ ဆရာမတွေက ကန့်ကွက်တဲ့လှုပ်ရှားမှုတွေကို ပြုလုပ်နေပါတယ်။

အဲဒီလှုပ်ရှားမှုကို Black Ribbon လို့ အမည်ပေးထားပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ မအူပင်တက္ကသိုလ်၊ ပင်လုံတက္ကသိုလ်နဲ့ ပြည်ပညာရေးကောလိပ်အပါအဝင် ကျောင်း ၁၀ ကျောင်းခန့်က ဆရာ၊ ဆရာမတွေက မနေ့ကစပြီး ကန့်ကွက်နေတာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ၂၀၁၅ ခုနှစ်ကခန့်အပ်တဲ့ တက္ကသိုလ်၊ ဒီဂရီ ကောလိပ် ဆရာ၊ ဆရာမများ ကိုယ်စားပြုကော်မတီ ကိုလည်း ဖွဲ့စည်းထားပြီး မနက်ဖြန် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးမှာ အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုထားတယ်လို့ သိရပါတယ်။

မနေ့ကလည်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနဲ့ ဒဂုံတက္ကသိုလ်က ဆရာ၊ ဆရာမတွေ ဒဂုံတက္ကသိုလ်မှာ တွေ့ဆုံဆွေးနွေးရာမှာ ဆရာ၊ ဆရာမတွေရဲ့ တောင်းဆိုချက်တွေမရဘဲ ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာစာဌာန လက်ထောက်ကထိက ဆရာ ဦးမင်းဇင်က ပြောပါတယ်။

တက္ကသိုလ်နဲ့ ကောလိပ်တွေက နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမတွေကို ရာထူးတိုးဖို့အတွက် စာမေးပွဲဖြေဆိုရမယ် ဆိုပြီး ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အရင်ကတော့ နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမတွေကို ၇ နှစ် တာဝန်ထမ်းဆောင်ပြီချိန်မှာ လက်ထောက်ကထိက အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ်ကစလို့ နိုင်ငံဝန်ထမ်း ဥပဒေအရ ၃ နှစ် တာဝန်ထမ်းဆောင်ပြီးချိန်မှာ လက်ထောက်ကထိကအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်အဝေးသင်တက္ကသိုလ် အင်္ဂလိပ်စာဌာန ဒေါ်အေမီသက် အရင်ကမရှိခဲ့တဲ့ စာမေးပွဲကို ဒီနှစ်မှ စတင်လုပ်ဆောင်တာကို ဆရာ၊ ဆရာမတွေက လက်မခံနိုင်တာကြောင့် ကန့်ကွက်တာဖြစ်ကြောင်း ပြောပါတယ်။

"အရင်တုန်းက ရာထူးတိုးတွေမှာ ဘယ်တုန်းကမှ စာမေးပွဲမဖြေရဘူး၊ အခုမှ ဖြေခိုင်းတဲ့အတွက် ကန့်ကွက် တာပါ၊ အဓိကကတော့ ရာထူးတိုးကို စာမေးပွဲမဖြေရဖို့ ကန့်ကွက်ထားတာပါ၊ တကယ်လို့ စာမေးပွဲ ဖြေကိုဖြေရ မယ်ဆိုရင် မနှစ်ကတုန်းကဆို နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တုန်းကလို လူတွေ့စစ်တာလောက် နဲ့ ရမယ်ဆိုရင်လည်း ဆရာ၊ ဆရာမတွေက လက်ခံမှာပါ"

ကန့်ကွက်နေတဲ့ ဆရာ၊ ဆရာမတွေက ၂၀၁၅ ခုနှစ်က ခန့်အပ်တဲ့ တက္ကသိုလ်၊ ဒီဂရီ ကောလိပ် ဆရာ၊ ဆရာမများ ကိုယ်စားပြုကော်မတီကိုလည်း ဖွဲ့စည်းထားပြီး ဒီဇင်ဘာလ မကုန်ခင်မှာ ရာထူးပေးဖို့၊ စားမေးပွဲစနစ်မထားဖို့နဲ့ နေရာပြောင်းရွှေ့တာဝန်ထမ်းဆောင်လိုသူတွေကို ပြောင်းရွှေ့ပေးဖို့ အချက် ၃ ချက်ကို ဒီဇင်ဘာလ ဆန်းပိုင်းကစပြီး တောင်းဆိုနေတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ တက္ကသိုလ်နဲ့ ကောလိပ်တွေက နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမတွေကို လက်ထောက်ကထိက ရာထူးတိုးဖို့အတွက် စာမေးပွဲဖြေဆိုရမယ်ဆိုပြီး ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၄ ရက်နေ့က ကြေညာချက် ထုတ်လိုက်ပါတယ်။ ဒါကြောင့် ဖဲကြိုးနက်လှုပ်ရှားမှုကို မနေ့ကစပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။

မနေ့ကတော့ ဒဂုံတက္ကသိုလ်က ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ ဒဂုံတက္ကသိုလ်မှာ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ တောင်းဆိုချက် ၃ ခုလုံးကို ဝန်ကြီးအနေနဲ့ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ ဆွေးနွေးပွဲ ပြီးဆုံးခဲ့တယ်လို့ ဆွေးနွေးရာမှာ ပါဝင်တဲ့ ဒဂုံတက္ကသိုလ် မြန်မာစာဌာန လက်ထောက်ကထိက ဦးမင်းဇင်က RFA ကို ပြောပါတယ်။

"ဝန်ကြီး ရောက်လာတဲ့အခါကျတော့ ဝန်ကြီးက ရာထူးတိုးအပြောင်းကို ပြောင်းချင်တဲ့သူကို ပြောင်းခွင့်မပေးဘဲနဲ့ ရန်ကုန်လို မန္တလေးလို နေရာကနေမှ နယ်ကိုပြောင်းချင်တယ်ဆိုရင်ပဲ ပြောင်းခွင့်ပေးပါမယ်လို့ ပြောပါတယ်၊ အဲတော့ နယ်ကလူတွေက ရာထူးတိုးရင်တောင်မှ ကထိကအထိကို နယ်မှာ ၃ နှစ်လောက် ဆက်နေရအုံးမယ်ပေါ့ အဲလိုမျိုးပြောသွားပါတယ်ခင်ဗျ၊ အားလုံးချုပ်လိုက်ရင် တောင်းဆိုချက် ၃ ချက်လုံး မရဘူးလို့ ပြောရမှာပေါ့"


မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ အထွေထွေ ဗဟုသုတဆိုတဲ့ အကြောင်းအရာတွေကို ဇန်နဝါရီလ ၆ ရက်နေ့မှာ ရေးဖြေဖြေဆိုရမှာဖြစ်ပြီး သက်ဆိုင်ရာကျောင်းအလိုက် နှုတ်ဖြေလည်း ဖြေဆိုရမယ်လို့ သိရပါတယ်။

ရာထူးတိုးလျှောက်ထားသူတွေကို စာမေးပွဲစစ်ဆေးဖို့ ဆောင်ရွက်ရတာဟာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ၂၀၁၇ ခုနှစ်မှာ စတင်အသက်ဝင်တဲ့ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်ချက်ကြောင့် မဖြစ်မနေ လုပ်ဆောင်ရ တာဖြစ်ကြောင်း အဆင့်မြင့်ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်း က ပြောပါတယ်။

"ကျနော်တို့က နိုင်ငံဝန်ထမ်းဥပဒေထဲက အတိုင်းပဲလေ နည်းပြ၊ သရုပ်ပြရာထူးက အမှုထမ်းလေ၊ လက်ထောက်ကထိက ရာထူးက အရာထမ်းလေ၊ အရာထမ်းဖြစ်သွားတာ၊ အမှုထမ်းကနေ အရာထမ်းကို ပြောင်းရင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ သဘောတူညီချက်ကို ယူရတယ်၊ အဲတော့ ရာထူးဝန်အဖွဲ့က ဒီကျောင်း၊ ဒီကျောင်းတွေမှာ လက်ထောက်ကထိကရာထူးတွေ တိုးပေးမယ်ဆိုပြီးတင်ရင် ရေးဖြေ၊ နှုတ်ဖြေရမှတ်ကို တွဲတင်ရတာ အဲဒါကြောင့်မို့ စာမေးပွဲစစ်ဖို့လုပ်တာပါ"

ကန့်ကွက်မှုတွေရှိနေပေမယ့် ထုတ်ပြန်ထားတဲ့အတိုင်း ဇန်နဝါရီလ ၆ ရက်နေ့မှာ စာမေးပွဲစစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာ ကျောင်းအလိုက်ပြင်ဆင်နေပြီး ပြည်ပနိုင်ငံတွေမှာ သွားရောက် ပညာသင်ယူနေတဲ့ ဆရာ၊ ဆရာမတွေလည်း ရာထူးတိုးစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ရရေးအတွက် စီစဉ်နေကြောင်းလည်း ဒေါက်တာအောင်အောင်မင်း က ပြောပါတယ်။

အမှုထမ်းကနေ၊ အရာအထမ်းအဖြစ် ရာထူးတိုးလျှောက်ထားသူတွေကို စစ်ဆေးတာတွေ လုပ်သင့်ပေမယ့် စာမေးပွဲစနစ်နဲ့ လုပ်ဆောင်တာဟာ မဖြစ်သင့်ဘူးလို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

အခုဖြေဆိုရမယ့် ဘာသာရပ်တွေဟာ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးတွေ မြှင့်တက်လာနိုင်မှာ မဟုတ်တာကြောင့် ရာထူးတိုးမြှင့်မှုစစ်ဆေးတဲ့ ပုံစံပြောင်းလဲသင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာအာကာမိုးသူက RFA ကိုပြောပါတယ်။

"စာမေးပွဲဖြေဖို့ဟာကို ကြည့်လိုက်တဲ့အခါမှာ မြန်မာစာဖြေရမယ်တဲ့၊ အင်္ဂလိပ်စာဖြေရမယ်တဲ့၊ အထွေထွေ ဗဟုသုတဖြေရမယ်တဲ့ သက်ဆိုင်ရာ ဘာသာရပ်ရဲ့ တိုးတက်ရာ တိုးတက်ရေးကို လုပ်တဲ့ဟာမဟုတ်ဘူးလေ၊ သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေ မေဂျာနဲ့ ပတ်သက်တဲ့ ပညာရပ်တွေ တိုးတက်အောင်လုပ်ရမယ်၊ ဥပမာ ပါဝါပွိုင့် တင်ပြတာမျိုး လုပ်ခိုင်းပြီးမှ ဆုံးဖြတ်တာမျိုးဖြစ်သင့်တယ်"

လက်ထောက်ကထိက ရာထူးတိုးခွင့်လျှောက်ထားတဲ့ ဆရာ၊ ဆရာမတွေ တစ်နိုင်ငံလုံးမှာ ၁၉၀၀ ဝန်းကျင်ရှိပြီး မနက်ဖြန်မှာ နေပြည်တော် ပညာရေးဝန်ကြီးဌာနမှာ ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဆရာ၊ ဆရာမတွေ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိတယ်လို့ သိရပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။