မွတ်စလင်ဒုက္ခသည် ၁၀၆ ဦးကို နေရပ်ပြန်ပို့


2018.11.21
boat-refugees-return-622.jpg လှေစီးဒုက္ခသည်တွေ စစ်တွေမြို့နယ် သဲချောင်းကျေးရွာကို ၂၀၁၈ နိုဝင်ဘာ ၂၁ ရက်နေ့က ပြန်လည်ရောက်ရှိစဉ်
Photo: Min Thein Aung/ RFA

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှာ လှေနဲ့တွေ့ရှိခဲ့တဲ့ မွတ်စလင်ဒုက္ခသည် ၁၀၆ ဦးကို ဒီနေ့ညနေပိုင်းမှာ သူတို့ရဲ့ မူလနေရာတွေဆီကို ပြန်လည်ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

အဲဒီ ၁၀၆ ဦးထဲက ၁၄ ဦးဟာ ပေါက်တောမြို့နယ်ကဖြစ်တဲ့အတွက် နေ့လယ်ပိုင်းမှာ စက်လှေနဲ့ တစ်ဆင့် ပြန်လည်ပို့ဆောင်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတစ်ဦးက ပြောပါတယ်။

ကျန်တဲ့သူအားလုံးကိုတော့ စစ်တွေမြို့နယ် ဒုက္ခသည်စခန်းအသီးသီးက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ စခန်းခေါင်းဆောင်တွေက တစ်ဆင့် ဒီနေ့ညနေပိုင်းမှာ အပြီးသတ် ပြန်လည်အပ်နှံခဲ့တယ်လို့လည်း အဲဒီအရာရှိက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာန်ဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိကြပါဘူး။

စစ်တွေမြို့နယ်နဲ့ ပေါက်တောမြို့နယ်တွေမှာရှိတဲ့ မွတ်စလင် ဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့ ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ လူဦးရေ ၁၀၆ ဦးကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူတို့ကို သာကေတမြို့နယ်ကနေတစ်ဆင့် တပ်မတော်ရေယာဉ်နဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ပြန်လည်ခေါ်ဆောင် လာရာမှာ ဒီနေ့မနက် အစောပိုင်းက စစ်တွေမြို့နယ် သဲချောင်းကျေးရွာကို ရောက်ရှိခဲ့ပြီးနောက် မူလနေရာတွေဆီကို အစိုးရက ပြန်လည်ပို့ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို စက်လှေတွေနဲ့ ထွက်ပြေးကြတဲ့ အဓိက အကြောင်းရင်းဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတာ အဆင်မပြေတာ၊ သူတို့ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ကင်းမဲ့နေကြတာ၊ ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတာကြောင့်လို့ မွတ်စလင်တွေက ပြောကြပါတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်ပြီးနောက်ပိုင်းကနေစလို့ ထိုင်းနဲ့မလေးရှားနို င်ငံတွေကို လှေနဲ့ထွက်ခွာတာတွေ ရှိနေခဲ့တာဖြစ်တယ်လို့လည်း ပြောကြပါတယ်။

စစ်တွေမြို့နယ် သဲချောင်း မွတ်စလင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဦးမောင်မောင်စိုးက လက်ရှိနေရာမှာ အကျပ်အတည်းများစွာနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဖြစ်နိုင်ရင် သူလည်း မလေးရှားနိုင်ငံကို အခြားလူတွေနဲ့အတူ သွားရောက်ချင်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ အစက ကိုယ့်နေရာနဲ့ ကိုယ်နေတာ အဆင်ပြေတယ်၊ အကုန်လုံး ကိုယ့်ဟာကိုယ် လုပ်လို့ရတယ်၊ အခုကျတော့ အဆင်မပြေဘူး၊ အစားအသောက်လည်း ပုံမှန်မရဘူး၊ ကလေးတွေလည်း ကျောင်းပုံမှန် မထားနိုင်ဘူး၊ အဲ့ဒါကြောင့် ဒီမှာထက် နိုင်ငံခြားသွားရင် ကောင်းမှာဆိုပြီးတော့ အဲ့ဒါနဲ့သွားနေကြတာ၊ လမ်းကြောင်း အဆင်ပြေရင်တော့ ကျနော်တို့လည်း သွားဖို့ဆန္ဒရှိတယ်"

ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားပင်လယ်နဲ့ ထိစပ်တဲ့ဒေသဖြစ်တာကြောင့် အများဆုံးက လှေနဲ့ထွက်ခွာကြပြီး လူအနည်းစုကတော့ ရခိုင်ရိုးမကို ကျော်ဖြတ်ပြီး ကုန်းလမ်းကနေတစ်ဆင့် မော်တော်ကားတွေနဲ့ ထွက်ခွာကြပါတယ်။

လှေနဲ့ထွက်ခွာတဲ့သူတွေနဲ့ပတ်သက်ပြီး လမ်းခရီးမှာ စက်လှေချို့ယွင်းမှုကြောင့် ကမ်းနားကိုရောက်လာတဲ့ စက်လှေတချို့ကိုသာ မြန်မာအာဏာပိုင်တွေက တစ်ခါတစ်ရံ ဖမ်းဆီးရမိတတ်ပြီး မော်တော်ကားနဲ့တစ်ဆင့် ကုန်းလမ်းကနေထွက်ခွာသူတွေကိုတော့ အမ်း စစ်ဆေးရေးဂိတ်မှာ မကြာခဏဆိုသလို ဖမ်းဆီးရမိတတ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်များစွာကပင် အဲဒီလို ဖမ်းဆီးရမိသူတိုင်းကို မြန်မာအာဏာပိုင်တွေက သူတို့ရဲ့ မူလနေရာတွေဆီ ကို ပြန်လည်ပို့ဆောင်လေ့ရှိပေမယ့် နောက်ထပ် ထွက်ခွာတာတွေမလုပ်ရအောင် ဆုံရှုံးနေတဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို ဖြေရှင်းပေးတာမျိုး မတွေ့ရပါဘူး။

ဒါကြောင့် နေရပ်ကိုပြန်လည်ပို့ဆောင်ခံရတဲ့ သူတွေအနေနဲ့ နောက်ထပ်တဖန် ထွက်ခွာဖို့ ကြိုးပမ်းလုပ်ဆောင် တာတွေရှိလာတယ်လို့ စစ်တွေမြို့နယ်မှာ နေထိုင်တဲ့ မွတ်စလင်ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သဲချောင်း ဒုက္ခသည်စခန်း ကော်မတီဝင် တစ်ဦးက အခုလိုပြောပါတယ်။

"ထွက်ပြေးတဲ့ လမ်းကြောင်းကတော့ လိုအပ်တဲ့ ပြဿနာကို ဖြေရှင်းလို့ မပြီးဘူးဆိုရင် ဒီလူတွေ ဒီနေရာမှာ လုပ်စား၊ ကိုင်စား အတည်တကျမရှိဘူး၊ လွတ်လပ်မှုမရှိဘူးဆိုရင် ဒီလမ်းကြောင်းက ပိတ်မယ်တော့ မထင်ပါဘူး၊ ဒီအတိုင်းထွက်နေကြမှာပဲ၊ ဘယ်လောက်ပဲ ပိတ်ဆို့ ပိတ်ဆို့ ခိုးထွက်နေကြမှာပဲ"

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှာတွေ့ရှိခဲ့တဲ့ လှေစီးဒုက္ခသည် မွတ်စလင်တွေကို အစိုးရရဲ့ အစီအစဉ်နဲ့ ဒီနေ့ စစ်တွေမြို့နယ်ကို ပြန်လည်ရောက်ရှိလာကြပြီး သူတို့ရဲ့ မူလဒုက္ခသည် စခန်းတွေဆီကို ပို့ဆောင်ပေးနေပါတယ်။

ဒုက္ခသည်တွေကို စီစစ်ရာမှာပါဝင်တဲ့ အစိုးရ အရာရှိတစ်ချို့ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ နေရပ်ပြန်ဒုက္ခသည်တွေကို နောက်ထပ်ထွက်ခွာမှုတွေ မလုပ်ရအောင် အစိုးရဘက်က တစ်စုံတစ်ရာ အာမခံချက်ပေးတာတွေ မရှိဘူးလို့ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က လှေစီးဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေသလဲဆိုတာ သိရှိနိုင်ဖို့ အစိုးရတာဝန်ရှိသူတွေကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း လက်ခံဖြေကြားခြင်း မရှိကြပါဘူး။

သက္ကယ်ပြင်ကျေးရွာမှာ နေထိုင်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်လှအောင်က လွတ်လပ်စွာသွားလာခွင့်တွေကို အစိုးရဘက်က ထိထိရောက်ရောက် မဆောင် ရွက်တာဟာ စိုးရိမ်စရာဖြစ်တယ်လို့ပြောပါတယ်။

"လွတ်လပ်စွာသွားလာခွင့်ကို အခုထိ အစိုးရက မကိုင်တွယ်ပဲနဲ့ အဲလို ကျနော်တို့ကို ထားမယ်ဆိုရင် ကျနော်တို့ရဲ့ မိသားစုဘဝ၊ ကျနော်တို့ရဲ့ သားသမီးဘဝက တော်တော်လေးကို စိုးရိမ်ရတယ်၊ ဒါကြောင့် လွတ်လပ်စွာ သွားလာခွင့်ကို အစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်ပြီးတော့ ဖြေရှင်းပေးရင် ကျနော်တို့က တော်တော် ကောင်းမယ်လို့ ယူဆပါတယ်"

ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်က ရခိုင်ပြည်နယ်က ပြဿနာကိုဖြေရှင်းဖို့ အချက် ၈၈ ချက်နဲ့ အကြံပြုခဲ့ပါတယ်။

အစိုးရကတော့ အဲဒီအထဲက အချက် ၈၁ ချက်ကို အကောင်အထည်ဖော်ထားပြီလို့ ပြောဆိုပေမယ့် မွတ်စလင်ခေါင်းဆောင်တွေဘက်ကတော့ အစိုးရရဲ့အကောင်အထည်ဖော်မှုမှာ သိသာထင်ရှားတဲ့ အချက်တွေကို မတွေ့ရဘူးလို့ ပြောကြပါတယ်။

အထူးသဖြင့် လွတ်လပ်စွာသွားလာခွင့်၊ နိုင်ငံသားဖြစ်ခွင့်၊ ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းပြီး ပြန်လည်နေရာ ချထားရေး၊ ကျန်းမာရေး ပညာရေးနဲ့ အခြား အခြေခံရပိုင်ခွင့်တွေဟာ ဘာမှထူးခြားတာမတွေ့ရဘူးလို့ ပြောကြပါတယ်။

UK Aid မြန်မာရဲ့အကြီးအကဲ Dr. Gail Marzetti ကတော့ ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာပါ အချက်အလက်တွေကို အကောင်အထည်ဖော်မယ်ဆိုရင်တော့ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ မြင်ပါတယ်။

"ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာထဲမှာလည်း ဖော်ပြထားပါတယ်။ အဓိက မတူကွဲပြားတဲ့ ပြဿနာ ၄ ချက်ပါရှိပါတယ်၊ အဲဒါကတော့ လူ့အခွင့်အရေးပိုင်းပြဿနာ၊ လူသားချင်းစာနာမှုပြဿနာ၊ လုံခြုံမှုပြဿနာ၊ ဖွံ့ဖြိုးတိုးတက်မှုပြဿနာတွေကို တစ်ချိန်ထဲ တစ်ပြိုင်နက်ထဲ ဖြေရှင်းနိုင်မယ်ဆိုရင်တော့ အခြေအနေတွေ ကောင်းမွန်လာမှာဖြစ်ပါတယ်။ ဒါတွေကို တစ်ပြိုင်နက်ထဲ အကောင်အထည်ဖော်ဖို့ လိုပါတယ်"

လှေနဲ့ထွက်ပြေးကြတဲ့ မွတ်စလင်အများစုဟာ ဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

အစိုးရအနေနဲ့ မော်တော်ကား၊ လှေတွေနဲ့ထွက်ခွာသူတွေကို မူလနေရာတွေဆီကို ပြန်လည်ပို့ဆောင်တာဟာ ပြဿနာကို ထိရောက်တဲ့ဖြေရှင်းနည်းမဟုတ်ဘူးလို့ ဒေသခံတွေက ထောက်ပြကြပါတယ်။

သူတို့ရဲ့ အခြေခံရပိုင်ခွင့်တွေအတွက် အလေးထားဖြေရှင်းတာမျိုးမရှိသရွေ့ အခုလိုထွက်ခွာမှုတွေကတော့ ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့လည်း ပြောကြပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။